စက်တင်ဘာလ (၂၉)ရက်။
ပြည်သူအပေါ် စာနာထောက်ထားပြီး ငြိမ်းချမ်းရေးလမ်းကို လျှောက်လှမ်းဖို့ မေတ္တာရပ်ခံဖိတ်ခေါ်တာလို့ နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ ကမ်းလှမ်းထားတဲ့အပေါ် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ မနေ့က ပြောဆိုထားချက်အရ သိရပါတယ်။
“ ဒီနေ့ ဒေသတော်တော်များများမှာ ရေကြီးရေလျှံတဲ့ဒဏ်နဲ့ သဘာ၀ဘေးဒဏ် ခံခဲ့ရပါတယ်။ နှစ် (၅၀)/(၁၀၀)ထဲ အဆိုးရွားဆုံးပါ။ ဒီအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ပြင်းပြင်းထန်ထန် ဆောင်ရွက်ရမှာပါ။ ပြန်လည်ထူထောင်ရေးလုပ်ငန်းကို ဆောင်ရွက်ဖို့ တည်ငြိမ်အေးချမ်းဖို့ လိုပါတယ်။ ပြည်သူအပေါ် တစ်ပူပေါ်နှစ်ပူ အဆင့်မခံစေချင်ပါဘူး၊ ဒါ့ကြောင့် ငြိမ်းချမ်းရေးလမ်းလျှောက်ဖို့ မေတ္တာရပ်ခံတာပါ” လို့ သူက ဆိုပါတယ်။
နိုင်ငံသူနိုင်ငံသားတိုင်း ဒီမိုကရေစီစနစ်ကို ရယူခံစားနိုင်ခွင့်ရှိဖို့လိုကာ လွတ်လပ်စွာ ဆန္ဒမဲပေးနိုင်ဖို့ လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းဖို့ အရေးကြီးတာကြောင့် အခုလိုကြေညာချက် ထွက်ပေါ်လာတာလို့ ပြောဆိုထားပါသေးတယ်။
နောက်ပြီး ပြည်တွင်းစည်းလုံးညီညွတ်မှုယိုင်နဲ့နေရင် နိုင်ငံတကာပြိုင်ဆိုင်တာတွေကြားမှာ နိုင်ငံပါပျောက်သွားနိုင်တဲ့အထိ အန္တရာယ်ကြီးမားလာတာကြောင့် ဖိတ်ခေါ်ကမ်းလှမ်းချက် ထွက်ပေါ်လာတာလို့ သူက ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် တည်ငြိမ်အေးချမ်းတာကို လိုလားတဲ့ အချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအပါအ၀င် နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ပြည်တွင်းအဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တွေရဲ့ ဆန္ဒသဘောထားကြောင့် ပါ၀င်တယ်လို့ ဆိုပါတယ်။
ပြည်သူအရေးအလေးပေးကာ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးကြဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားကာ တစ်ဖက်မှာလဲ တိုင်းရင်းသားဒေသတွေကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။