နိုဝင်ဘာလ (၁၇)ရက်။
အောက်တိုဘာလထဲ PDF နဲ့ ပကဖ (၆)ဦးတို့ကို အဆင့်ဆင့် စည်ကမ်းထိန်းသိမ်းတာနဲ့ လုပ်ထုံးလုပ်နည်းနဲ့အညီ အရေးယူတာတွေ ပြုလုပ်ခဲ့တယ်လို့ MOD ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အရေးယူတာတွေမှာ အကျဉ်းစစ်တရားရုံးနဲ့ စစ်ဆေးပြီး PDF တစ်ဦးကို ထောင်ဒဏ်ချမှတ်ခဲ့ပြီး စစ်ခုံရုံးနဲ့ PDF တစ်ဦးကို ထောင်ဒဏ် ချမှတ်စီရင်ခဲ့တယ်လို့ ဆိုပါတယ်။
နောက်ပြီး စုံစမ်းစစ်ဆေးရေးခုံရုံးနဲ့ စစ်ဆေးပြီး စီမံခန့်ခွဲတဲ့နည်းလမ်းနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) အဖွဲ့ဝင် (၄)ဦးကို ရာထူးကထုတ်ပယ်တာ၊ တာဝန်ကနေ (၆)လ ယာယီရပ်ဆိုင်းတာနဲ့ စာနဲ့သတိပေးတာတွေ ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အခုလို အရေးယူခဲ့တဲ့သူတွေရဲ့ အသေးစိတ်အချက်အလက်အပါအဝင် ဘာကြောင့် ပြစ်ဒဏ်တွေ ချမှတ်ခဲ့တယ်ဆိုတဲ့ အကြောင်းအရင်းကိုတော့ MOD က ထုတ်ပြန်ပြောဆိုထားတာ မရှိပါဘူး။
MOD အနေနဲ့ PDF နဲ့ ပကဖတို့ကို စည်းကမ်းသေဝပ်ကာ ပြည်သူကို အလုပ်အကျွေးပြုတဲ့ တပ်မတော်တရပ် ဖြစ်လာစေဖို့ ရည်ရွယ်တည်ဆောက်နေတယ်လို့ အသိပေးထားပါတယ်။
ဒါ့ကြောင့် လိုအပ်တဲ့ ထိန်းကြောင်းတာတွေကို အဆင့်ဆင့်ဆောင်ရွက်နေကာ မျှတတဲ့ တရားစီရင်မှုတွေ(fair trial)၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ အရေးယူတာတွေ ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။