ပေါ်တူဂီ (၆) ဂိုး – ဆွစ်ဇာလန် (၁) ဂိုး
၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ ၁၆ သင်းရှုံးထွက်အဆင့် နောက်ဆုံးပွဲစဉ်တွင် ပေါ်တူဂီအသင်းက ဆွစ်ဇာလန်ကို ဂိုးဒါဇင်ဝက်သွင်းယူကာ ကွာတားဖိုင်နယ် တက်ရောက်သွားသည်။
ပထမပိုင်း ၁၇ မိနစ်တွင် ပေါ်တူဂီအသင်း အဖွင့်ဂိုးစရသည်။ ရှေ့တန်းမှ လူငယ်ကစားသမား ဖီးလစ်စ်ချပေးသည့် ဘောလုံးကို ဂွန်ကာလိုရာမို့စ်က သွင်းယူခဲ့သည်။ ၃၃ မိနစ်တွင် ဒုတိယဂိုးကို နောက်တန်းကစားသမား ပက်ပေက ခေါင်းတိုက်သွင်းယူခဲ့သည်။
ဒုတိယပိုင်းစပြီး ငါးမိနစ်ခန့်တွင် ရာမို့စ်က တတိယမြောက် အနိုင်ဂိုး ထပ်မံသွင်းယူကာ ပွဲချိန် ၅၅ မိနစ်တွင် နောက်တန်း ကစားသမား ရာဖေးလ်ဂွာရန်ရိုက လေးဂိုးမြောက် သွင်းယူခဲ့သည်။ ပွဲချိန် ၅၈ မိနစ်တွင် ဆွစ်ဇာလန်အသင်းက ထောင့်ကန်ဘောမှတဆင့် ချေပဂိုးကို မန်ဝယ်အကန်ဂျီးက သွင်းယူခဲ့သည်။
ပွဲချိန် ၆၇ မိနစ်တွင် ပေါ်တူဂီအသင်း ငါးဂိုးမြောက်ဂိုးကို ထပ်မံသွင်းယူခဲ့သည်။ ရာမို့စ်ကပင် သွင်းယူပေးခဲ့သဖြင့် ယခုနှစ်ကမ္ဘာ့ဖလားတွင် ပွဲစဉ်တစ်ခုအတွင်း သုံးဂိုးသွင်းယူနိုင်သည့် ပထမဆုံး ကစားသမား ဖြစ်လာသည်။ ပွဲပြီးခါနီးတွင် ပေါ်တူဂီအတွက် ခြောက်ဂိုးမြောက်ဂိုးကို နောက်တန်းကစားသမား ရာဖေးလ်လီယိုက သွင်းယူလိုက်သည်။
ကွာတားဖိုင်နယ်ပွဲတွင် မော်ရိုကိုအသင်းနဲ့ တွေ့ဆုံကစားမည်ဖြစ်သည်။