ဇန်နဝါရီလ (၂၅)ရက်။
လာအိုနိုင်ငံ ဗီယင်ကျန်းမြို့မှာ စစ်ကောင်စီပြည်ထဲရေးဝန်ကြီးဌာနနဲ့ လာအိုပြည်သူ့လုံခြုံရေးဝန်ကြီးဌာနတို့ (၉)ကြိမ်မြောက် ဝန်ကြီးအဆင့်အစည်းအဝေးကို ပြုလုပ်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီအစည်းအဝေးကို ဇန်နဝါရီလ (၂၁)ရက်နေ့ကနေ (၂၃)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ကာ စစ်ကောင်စီဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့ အရာရှိကြီးတွေနဲ့ လာအိုပြည်သူ့လုံခြုံရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ဗီလေး လက်ခမ်ဖုန် ဦးဆောင်တဲ့ အရာရှိကြီးတွေ တင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
အစည်းအဝေးထဲ နှစ်နိုင်ငံအကြား လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စရပ်တွေ တိုးမြှင့်ပူးပေါင်းဆောင်ရွက်ဖို့အပါအဝင် ဆက်သွယ်ရေးစနစ် အသုံးပြုလိမ်လည်တာနဲ့ ဆိုက်ဘာရာဇဝတ်မှုတွေ ပူးပေါင်းတိုက်ဖျက်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။
နောက်ပြီး နယ်စပ်ဖြတ်ကျော်လောင်းကစားမှု၊ မူးယစ်ဆေးဝါးနဲ့ လူကုန်ကူးမှုလို နိုင်ငံဖြတ်ကျော်မှုခင်းတွေနဲ့ တရားခံပြေးတွေ ဖမ်းဆီးဖို့ကိစ္စတို့မှာ ပူးပေါင်းကူညီဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် နှစ်နိုင်ငံနယ်စပ်ဆက်ဆံရေးရုံးတွေ(BLOs)အကြား ပူးပေါင်းဆောင်ရွက်ဖို့နဲ့ လူနဲ့ ကုန်ပစ္စည်းတွေ တရားမဝင် ဝင်/ထွက်သွားလာတာမရှိစေဖို့အပြင် ရာဇဝတ်မှုကျူးလွန်ပြီး ဝရမ်းပြေးတွေအနေနဲ့ ကြေညာထားသူတွေကို ဖမ်းဆီးလွှဲပြောင်းဖို့ ညှိနှိုင်းဆွေးနွေးခဲ့တယ်လို့ ရေးသားထားပါတယ်။
အဲ့ဒီနောက် နိုင်ငံဖြတ်ကျော်မှုခင်းတွေကို တားဆီးနှိမ်နင်းနိုင်ဖို့ ဆက်သွယ်ဆက်ဆံရေးစနစ်တရပ် ထားရှိဖို့ကိုလဲ ထည့်သွင်းဆွေးနွေးခဲ့ကာ အစည်းအဝေးထဲ ဆွေးနွေးခဲ့တဲ့ အချက်တွေကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ဖို့ လက်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။