ဇွန်လ (၉)ရက်။
ဇွန်လ (၇)ရက်နေ့ ည (၁၀)နာရီကျော်အချိန်က ရခိုင်ပြည်နယ် သံတွဲမြို့ရှိ နေရာ (၃)ခုကို စစ်ကောင်စီက လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။
“ ည (၁၀)နာရီကျော်အချိန်မှာ သံတွဲမြို့က စစ်ရှောင်တွေရှိတဲ့ ကျောက်ကြီးရွာစာသင်ကျောင်းကို (၂)ကြိမ်၊ ပုဇွန်ဖြေရွာစာသင်ကျောင်းကို (၂)ကြိမ်နဲ့ အရင် စစ်ကောင်စီရဲ့ တပ်သားသစ်စုဆောင်းတဲ့ဌာနကို ဗုံး (၄)လုံး ကြဲချခဲ့တာ” လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ မနေ့ကတရက်ထဲမှာပဲ သံတွဲမြို့ရှိ စစ်ရှောင်တွေနေထိုင်တဲ့ ကျောက်ကြီးရွာနဲ့ ပုဇွန်ဖြေစာသင်ကျောင်းအပြင် အရင်တပ်သားသစ်စုဆောင်းရေးဌာနတို့ကို ဂျက်ဖိုက်တာနဲ့ (၅)ကြိမ် ဗုံးကြဲချခဲ့တာလို့ သိရပါတယ်။
အဲ့ဒီလို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တာကြောင့် ကျောက်ကြီးရွာစာသင်ကျောင်းမှာ စစ်ဘေးရှောင်နေတဲ့ ဆင်ဒင်ကြီးရွာက (၁၂)နှစ်အရွယ် မဧပြီမိုး၊ (၄၂)နှစ်အရွယ် ဦးထွန်းထွန်းဝင်း၊ (၄၃)နှစ်အရွယ် ဒေါ်နှင်းဝေခိုင်နဲ့ မောင်ရွှေလေးရွာနေ (၄၈)နှစ်အရွယ် ဒေါ်အပုတို့ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်
နောက်ပြီး ကျောက်ကြီးရွာစာသင်ကျောင်း ဗုံးကြဲခံရတဲ့ဖြစ်စဉ်ထဲ (၈)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အဲ့ဒီအထဲ (၆)ဦးဟာ အသက်အန္တရာယ်စိုးရိမ်ရတာကြောင့် အရေးပေါ်ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။
ဒါ့အပြင် ပုဇွန်ဖြေရွာစာသင်ကျောင်း ဗုံးကြဲခံရတာမှာ အရပ်သားအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သလို စာသင်ကျောင်းနဲ့ နေအိမ်အများအပြား ပျက်စီးခဲ့ရတယ်လို့ ပြောဆိုထားပါတယ်။
အာရက္ခတပ်တော်(AA)ရဲ့ သံတွဲမြို့သိမ်းတိုက်ပွဲပြီးနောက် ၂၀၂၄ခုနှစ် စက်တင်ဘာလကနေ အခုနှစ် ဇွန်လ (၇)ရက်အထိ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၂၈)ဦးထက်မနည်း သေဆုံးခဲ့ကာ (၇၀)ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။


