မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ထောက်ရှာပင်ရွာကို စစ်ကောင်စီတပ်က မီးတင်ရှို့ခဲ့ရာ နေအိမ် ၂၀ ကျော်ပြာကျခဲ့ကြောင်း We Love Myaing အဖွဲ့က ထုတ်ပြန်ထားသည်။
ဒီဇင်ဘာလ ၁၈ ရက်နေ့ ညပိုင်းတွင် ပေါက်မြို့နယ်၊ ထောက်ရှာပင်ရွာကို စစ်အုပ်စုက ဝင်ရောက်စီးနင်း မီးရှို့မှုကြောင့် ပြည်သူပိုင် နေအိမ် ၂၀ ကျော် ပြာကျခဲ့ ကြောင်း သိရသည်။
ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် ထောက်ရှာပင်ရွာမှ ထွက်ခွာလာပြီး မြိုင်မြို့နယ်အတွင်းသို့ ဝင်ရောက်လာကာ လက်ခုပ်ပင်ရွာနှင့် မြင်းကိုးသစ်ရွာများမှ တစ်ဆင့် ဝါးရင့်ချိုင်ရွာသို့ ဝင်ရောက်ကာ ညအိပ်ခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာ (၂၀) ရက် ယနေ့ နံနက်ပိုင်းတွင် စစ်ကောင်စီ စစ်ကြောင်းသည် ဝါးရင့်ချိုင်ရွာမှ ထွက်ခွာလာပြီး ဆယ်ပြားရွာအတွင်းသို့ လက်နက်များဖြင့် ရမ်းသမ်း ပစ်ခတ် ဝင်ရောက်ခဲ့ကြောင်းသိရသည်။ ထို့နောက် ဆယ်ပြားရွာနှင့် စိုပြင်ရွာအကြား သို့ ရောက်ရှိနေကြောင်း သိရသည်။
ဒေသခံများလည်း စစ်ကြောင်းထိုးမှုကြောင့် ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရကြောင်းသိရသည်။