စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်က အိမ်ခြေ (၇၀၀) ကျော်ရှိတဲ့ ကုန်းရွာကို ဖေဖေါ်ဝါရီ (၂၈) ရက် ညပိုင်းမှာ စစ်ကောင်စီ တပ်က ဝင်ရောက်မီးရှို့ခဲ့တာကြောင့် ရွာလုံးကျွတ်နီးပါး မီးလောင်ဆုံးရှုံးခဲ့ရပြီး ဒေသခံ (၃) ဦးလည်း သတ်ဖြတ်ခံထားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။


ကုန်းရွာ အဝင် မှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးအဖွဲ့တို့ ထိတွေတိုက်ပွဲ ဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီက အထိနာတဲ့အတွက် ရွာကို မီးဝင်ရှို့ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။


ကုန်းရွာ တရွာလုံးနီးပါး မီးရှို့ခံလိုက်ရတာဖြစ်ပြီး အိမ်ခြေ (၇၀၀) နဲ့ အိမ်ထောင်စု ၁၄၀၀ ကျော် နီးပါး အတိဒုက္ခရောက်ခဲ့ရတာဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဘက်က တိုက်ခိုက်ရေးဟတ်ယာဉ်နဲ့ လေကြောင်းကနေ လာရောက်ပစ်ခတ်ခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။


လက်ရှိ အခြေအနေမှာ စစ်ကြောင်းဝင်တဲ့ ရွာတွေသာမက အနီးနားမှာရှိတဲ့ စားတော်ပြင်၊ ဇီးတော၊ လက်လှုပ်၊ အုန်းတော၊ လာဘို့၊ ရင်ပေါင်တိုင်စတဲ့ ရွာတွေက ဒေသခံတစ်သောင်းလောက်ဟာ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

