ကိုးကန့်တပ် (MNDAA) တပ်ဖွဲ့ဝင်တွေ စစ်ကောင်စီတပ်ထံ အလင်းဝင်တယ်ဆိုတာ နိုင်ငံရေးရှိုးပြ ဖြစ်တယ်လို့ MNDAA ရဲ့ ဒီကနေ့မှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ဘက်ကို ဆက်သွယ်မေးမြန်းလာတာရှိပါတယ်။ ဒါဟာ အာဏာသိမ်းအဖွဲ့နဲ့ ကိုးကန့်အစိုးရအတုအယောင်အဖွဲ့ရဲ့ ပူးပေါင်းပါဝင်မှုရှိတဲ့ နိုင်ငံရေးပြသမှုတစ်ခုပါပဲ” လို့ MNDAA ရဲ့ ပြောရေးဆိုခွင့်ရှိသူ Li Tianfu က ပြောပါတယ်။
စက်တင်ဘာလ (၂၉) ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ထံ လက်နက်ချအလင်းဝင်လာတဲ့ MNDAA တပ်ဖွဲ့ဝင် (၂၈) ဦးကို ဆုပေးပွဲကျင်းပခဲ့တာကို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။










အဲ့ဒီလို စစ်ကောင်စီတပ်ထံ လက်နက်ချအလင်းဝင်သူတွေ ဝတ်ဆင်ထားတဲ့ ယူနီဖောင်းနဲ့ ကိုင်ဆောင်တဲ့ လက်နက်တွေက ကိုးကန့်တပ်(MNDAA)က တပ်ဆင်ထားခြင်းမရှိဘူးလို့လည်း ဖော်ပြထားပါတယ်။
“ အဖွဲ့လိုက် လက်နက်ချအလင်းဝင်တာမရှိခဲ့ပါ။ ခွင့်ယူအိမ်ပြန်ချိန် မိဘတွေ၊ မိသားစုတွေနဲ့ ကလေးတွေ ဘေးကင်းရေး စိုးရိမ်တာကြောင့်နဲ့ ကိုးကန့်အစိုးရအတုအယောင်အဖွဲ့ရဲ့ နှိပ်စက်ညှဉ်းပန်းတာခံရမှာကို ကြောက်ပြီး အတုအယောင်အဖွဲ့ထံ ရွေးချယ်ခဲ့တာတွေရှိတယ်” လို့ ၎င်းက ထပ်မံပြောပါတယ်။
အခုလို နိုင်ငံရေးရည်ရွယ်ချက်ရှိရှိနဲ့ ဂုဏ်သိက္ခာကျအောင် ပြုလုပ်တဲ့ လုပ်ရပ်ဟာ တော်လှန်ရေးကို ထိခိုက်မှာမဟုတ်ဘဲ MNDAA အနေနဲ့ အမှန်တရားနဲ့ တရားမျှတတဲ့ အမျိုးသားပါတီဗဟိုကော်မတီက ချမှတ်ထားတဲ့ ရည်ရွယ်ချက်ပန်းတိုင်တွေဆီကို ရှေ့တိုးဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။