၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂) ရက်၊ ခေတ်မျက်လုံး။
တနင်္သာရီမြို့၊ ညောင်ပင်ကွင်းရွာအခြေစိုက်၊ အမှတ်(၅၆၁) ခြေမြန်တပ်ရင်းက တပ်သား (၂) ဦးဟာ တနင်္သာရီမြို့နဲ့ မြိတ်ခရိုင် PDF ပူးပေါင်းစစ်ကြောင်းထံ နိုဝင်ဘာလ (၁) ရက်က အလင်းဝင်လာခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ခမရ (၅၆၁) က တပ်သား ထွန်းလင်းပိုင်နဲ့ တပ်သား ထက်မြတ်သူတို့ဟာ အောက်တိုဘာလ (၃၁)ရက်နေ့မှာ တပ်ရင်းက ထွက်ပြေးလာခဲ့တာဖြစ်ပြီး တပ်တွင်း မတရားဖိနှိပ်မှု၊ ပြည်သူတွေအပေါ် ကျင့်ဝင်ဖောက်ဖျက်ပြီး မတရားဖိနှိပ်သတ်ဖြတ်တာတွေကြောင့် အလင်းဝင်လာခဲ့တာလို့ ဆိုပါတယ်။
အလင်းဝင်လာတဲ့ ရဲဘော်နှစ်ဦးကို ကောင်းမွန်စွာ စောင့်ရှောက်ထားပြီး ပြည်သူ့ရင်ခွင်အဖွဲ့နဲ့ ချိတ်ဆက်ကာ ၎င်းတို့ရဲ့ဆန္ဒအတိုင်း ကူညီဆောင်ရွက်ပေးရန် စီစဉ်နေတယ်လို့ တနင်္သာရီတိုင်း-PDF က ပြောဆိုထားပါတယ်။
တနင်္သာရီတိုင်းအတွင်း စစ်အုပ်စုက မတရားအာဏာသိမ်းယူခဲ့ပြီးနောက် CDM ဝင်ရောက်လာတဲ့ စစ်သားတွေ ထားဝယ်ခရိုင်မှာ (၉၈)ဦး၊ မြိတ်ခရိုင်မှာ (၁၁၀)ဦးနဲ့ ကော့သောင်းခရိုင်မှာ (၂၉) ဦး စုစုပေါင်း (၂၃၇) ဦးထိ ရှိပြီဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
တနင်္သာရီမြို့မှာ CDM ဝင်ရောက်လာသူ (၈၄) ဦးအထိရှိခဲ့ပြီး CDM အများဆုံး ဝင်ရောက်ထားတဲ့ မြို့နယ်ဖြစ်တယ်လို့ ဆိုပါတယ်။
ရဲတပ်ဖွဲ့ဝင်တွေ၊ ပျူစောထီးတွေနဲ့ စစ်သားတွေအနေနဲ့ PDF တွေရဲ့ ထိုးစစ်ဆင်တိုက်ခိုက်ချိန်မှာ ထိခိုက်သေဆုံးတာ ပိုများလာမှာဖြစ်တဲ့အတွက် အချိန်မီ ပူးပေါင်းကြဖို့နဲ့ လက်နက်နဲ့တကွ အလင်းဝင်လာပါက ဂုဏ်ပြုဆုငွေတွေ ချီးမြှင့်သွားမယ်လို့ အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။