ချင်းပြည်နယ်၊ တီးတိန်မြို့ အခြေစိုက် ၂၆၉ တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦး မေလ ၃၁ ရက်နေ့တွင် PDF-Zoland ထံ သေနတ်တစ်လက်၊ ကျည်အိမ်၊ ကျည်ဆံများနှင့်အတူ ဝင်ရောက်ခိုလှုံလာကြောင်း PDF-Zoland မှ ချင်းပြည်နယ်အခြေစိုက်သတင်းဌာနများမှ သိရှိရသည်။
ခိုလှုံလာသူမှာ တီးတိန်မြို့တပ်ကုန်း၊ ခြေလျင်တပ်ရင်း ၂၆၉ မှ တပ်သား ဖြစ်ပြီး MA-1 တစ်လက်နှင့် ကျည်အိမ် ၄ ခု၊ ကျည် ၂၆၀ ကျော်နှင့်အတူ ထွက်ပြေးလာသည်ဟု သိရှိရပါသည်။ လက်ရှိအချိန်မှာတော့ ဘေးကင်း လုံခြုံရာကို ရောက်ရှိသွားပြီး မြန်မာကျပ်ငွေ သိန်း ၅၀ ချီးမြှင့်ခဲ့ကြောင်းလည်း သိရပါသည်။
ပြီးခဲ့သည့် မေလ ၁၃ ရက်နေ့မှာလည်း တွန်းဇံမြို့မှာ တာဝန်ကျနေသည့် ဖလမ်းမြို့အခြေစိုက် ခလရ ၂၆၈ မှ ထွက်ပြေးခိုလှုံလာသည့် တပ်သား လမင်းအောင်နှင့် တပ်သား မျိူးချစ်တို့ကိုလည်း PDF-Zoland မှ ဖမ်းဆီးပြီး လုံခြုံရာသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ။ Zelan