KNU – ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင် တပ်မဟာ (၃)၊ မူးမြို့နယ်အတွင်းက ကျေးရွာတွေ ကို စစ်တပ်က လက်နက်ကြီး ၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။
အဲဒီလိုပစ်ခတ်ခဲ့တာကြောင့် ပြည်သူ ၂ ဦး ဒဏ်ရာရပြီး နေအိမ် ၄ လုံး ပျက်စီးခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။
စစ်တပ်က ဇူလိုင် ၂ ရက် မနက် ၄ နာရီအချိန်မှာ ရေတွင်းကုန်း ကျေးရွာမှ တစ်ဆင့် ဝင်ရောက်လာကာ ရွာအတွင်းကို လက်နက်ကြီး (၃၂) လုံးအပြင် လက်နက် ငယ်များနဲ့လည်း ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် စောစိုးမိုးခိုင် အသက် (၄၂) နှစ်နဲ့ စောခါဒူ အသက် (၃၀) နှစ် တို့ (၂) ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရေတွင်းကုန်းနဲ့ ဥသျှစ်ကုန်း ရွာအတွင်းက လူနေအိမ် (၄) လုံး မှာလည်းလက်နက်ကြီး ထိမှန်ပျက်စီးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
စစ်တပ်ရဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် ရေတွင်းကုန်းကျေးရွာ၊ ဥသျှစ်ကုန်း ကျေးရွာနဲ့ အုန်းပင်စုကျေးရွာများအတွင်းရှိ အိမ်ခြေ စုစုပေါင်း (၂၉၁) လုံးရဲ့ လူဦးရေ (၁၄၅၆)ဦး ခန့်မှာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU ဗဟိုက အသိပေးထုတ်ပြန်ထားပါတယ်။
Era’sEye
ဓါတ်ပုံ – စစ်ကောင်စီတပ်များ၏ လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်တိုက် ခိုက်မှုကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုများ။