တော်လှန်ရေးကို ကိုယ်ကျိုးစီးပွားအတွက် အသုံးချတာအပါအဝင် လိင်ပိုင်းဆိုင်ရာကျူးလွန်တဲ့ အဖြစ်အပျက်တွေမရှိဖို့ အထူးအလေးထားဖို့လိုတယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့ အောက်တိုဘာလ (၃)ရက် နံနက်ပိုင်းအချိန်က ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက မိန့်ခွန်းပြောကြားခဲ့ပါတယ်။
“ တော်လှန်ရေးကို ကိုယ်ကျိုးစီးပွားအတွက် အသုံးချတာအပါအဝင် တော်လှန်ရေးနဲ့ လုံခြုံရေးအခြေအနေကို အသုံးချပြီး လိင်အမြတ်ထုတ်တာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ နှောက်ယှက်စော်ကားတဲ့အဖြစ်အပျက်တွေ မရှိဖို့ အထူးအလေးထားဖို့လိုအပ်ပါတယ်” လို့ ၎င်းက ပြောပါတယ်။
အဲ့ဒီလို အဖြစ်အပျက်တွေ ရှိလာရင်လည်း တရားမျှတမှုနဲ့ ပွင့်လင်းမြင်သာမှုရှိရှိ ဖြေရှင်းဆောင်ရွက်ရမှာဖြစ်ပြီး ပြည်သူ့အစိုးရတစ်ရပ်အနေနဲ့ တာဝန်ယူမှုရှိရှိနဲ့ ပွင့်လင်းမြင်သာမှု၊ တရားမျှတမှုတို့ကို အခြေခံပြီး ကိုင်တွယ်ဖြေရှင်းရမယ်လို့ အထက်ပါပုဂ္ဂိုလ်က ထပ်မံပြောကြားခဲ့ပါတယ်။
တော်လှန်ရေးနဲ့ပတ်သက်ပြီး အခုကာလမှာ အလေးထားလုပ်ဆောင်ရမှာတွေလည်း အများအပြားရှိကာ NUG နဲ့ မဟာမိတ် တိုင်းရင်းသားအင်အားစုတွေကြား ညီညွတ်မှုနဲ့ ယုံကြည်မှုကို ပိုပြီးခိုင်မာအောင် တည်ဆောက်သွားမယ်လို့ ယာယီသမ္မတရဲ့ ထည့်သွင်းပြောကြားထားချက်အရ သိရပါတယ်။