၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂) ရက်၊ ခေတ်မျက်လုံး။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကျပိုင်ရွာကို စစ်ကောင်စီတပ်နဲ့ တောပုရွာက ပျူစောထီး ပူးပေါင်းတပ်ဖွဲ့က ဒီဇင်ဘာလ (၂) ရက် ဒီနေ့မနက် (၉) နာရီခန့်မှာ ဝင်ရောက်စီးနင်းပြီး ရွာခံအမျိုးသား (၁၁) ဦး ဖမ်းဆီးသွားပြီးနောက် အရှင်လတ်လတ် မီးရှို့သတ်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
အဲ့ဒီ ကျပိုင်ရွာနဲ့ တောပုရွာဟာ ရွာနီးချင်းတွေဖြစ်ပြီး တောပုရွာက ပျူရွာဖြစ်တယ်လို့ သိရပါတယ်။ တောပုရွာကို တော်လှန်ရေးအင်အားစုတွေက မီးရှို့လိုက်တာကို မကျေနပ်လို့ စစ်ကောင်စီတပ်နဲ့ တောပုရွာက ပျူစောထီး ပူးပေါင်းတပ်ဖွဲ့က ဝင်စီးတာလို့ ဒေသခံတွေက ပြောပါတယ်။
မီးရှို့အသတ်ခံရသူတွေဟာ ကိုစိုးမိုးသူ (၂၉) နှစ်၊ ကိုစိရွှေ (၄၃) နှစ်၊ ကိုချမ်းငြိမ်း (၂၉) နှစ်၊ ကိုပါပီရာ (၃၇) နှစ်၊ ဦးဆန်းဝင်း (၅၃) နှစ်၊ ကိုငဒိုး (၃၈) နှစ်၊ ကိုလှိုင်ဝင်း (၃၉)နှစ်၊ ကိုထွန်းထွန်း (၂၀) နှစ်၊ ကိုလှိုင်သူရ (၂၃) နှစ်၊ ကိုထွန်းခင် (၄၃)နှစ်နဲ့ ကျန်စိစစ်ဆဲ အမျိုးသား (၁) ဦးတို့ ဖြစ်ပြီး သူတို့ကို အဲ့ဒီကျေးရွာထဲမှာပဲ ဖမ်းဆီးထားပြီးနောက် တိုက်ခန်းထဲမှာ ပိတ်ပြီး မီးရှို့သတ်ခဲ့တာလို့ ဆိုပါတယ်။ အဲ့ဒီအပြင် အမျိုးသမီးအလောင်း (၂) လောင်းလည်း ထပ်တွေ့ပြီး အမျိုးသမီးတဦးကတော့ ထွက်ပြေးရာမှာ ပစ်သတ်ခံရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေဟာ ကျပိုင်ရွာက အမျိုးသား (၁၁) ဦးကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်သွားသလို နေအိမ် ၁၀၀ ကျော်ကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ဆိုပါတယ်။
စစ်အုပ်စုဟာ ကျပိုင်ရွာမှာ မီးရှို့သတ်ဖြတ်မှုတွေ လုပ်ပြီးတဲ့နောက် နေ့လယ် ၁၂ နာရီလောက် ပြန်ထွက်သွားပြီး တောပုရွာကို ပြန်ဝင်သွားလို့ ညနေ ၃ နာရီမှာ ရွာထဲ ပြန်ဝင်ချိန် သတ်ဖြတ်ခံရမှုတွေကို မြင်တွေ့ရတာလို့ ဆိုပါတယ်။