၂၀၂၃ ခုနှစ် ၊ ဇူလိုင် (၄)ရက် ၊ ခေတ်မျက်လုံး။
ပေါင်းတည်မြို့နယ်အတွင်းမှာ စစ်ကြောင်းထိုးရန်ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ကျော်ကို ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ဇူလိုင်လ ၂ရက်နေ့ နံနက် ၈နာရီခန့်က ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်ရှိ ရစ်မတောင်ဘက်သို့ စစ်ကြောင်းထိုးရန်ထွက်လာတဲ့ ၅၇ယောက်ပါ စစ်ကောင်စီအဖွဲ့နှစ်ဖွဲ့ကို ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(၃၆၀၁ PPDF)တပ်ရင်း တပ်ခွဲ(၅) နွေဦးအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။
စစ်ကောင်စီအဖွဲ့ ၂ဖွဲ့မှာ သစ်ပုတ်အုပ်စု၊ တောင်ခမောက်ရွာကထွက်လာတဲ့ ၃၆ယောက်ပါ စစ်ကြောင်းနဲ့ ပေါက်ပင်ကွင်းရွာကထွက်လာတဲ့ ၂၁ယောက်ပါ စစ်ကြောင်းတို့ကို ရစ်မတောင်ရဲ့ မြောက်ဘက်ကြောပေါ်မှာ စကစတပ်ဖွဲ့ဝင် ရှေ့ပွိုင့်ကို မိုင်းကွင်းထဲအရောက် မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
ထိုသို့ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များဘက်မှ ၃ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပြီး စစ်ကောင်စီဘက်က လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်များအနေနဲ့ အထိအခိုက် အန္တရာယ်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
Era’sEye