မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ ပျူစောထီးအမျိုးသား ၃ ဦးကို စက်တင်ဘာလ (၂) ရက်နေ့ ည ၇ နာရီကျော်မှာ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။
အသတ်ခံရသူ ၃ ဦးမှာ ငါန်းဇွန်မြို့နယ်၊ သန့်ဇင်ကုန်းကျေးရွာက အသက် ၃၀ ကျော်အရွယ် ကိုမိုးမိုး၊ ကိုရွှေညောင်နဲ့ အမည်မသိရသေးတဲ့ အမျိုးသား ၁ ဦးတို့ဖြစ်ကြပြီး ရွာရဲ့အရှေ့ဘက်မှာရှိတဲ့ အရက်ဆိုင်မှာ ဝိုင်းဖွဲ့သောက်နေချိန် ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။
ဒီရှင်းလင်းမှုကို ငါန်းဇွန်းမြို့နယ်ပြည်သူ့ကာ ကွယ်ရေးအဖွဲ့နဲ့ TGYR-Youth Guerrilla Counter Revolution-NZအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး လက်ပစ်ဗုံးသီး ၁ လုံး၊ ဓားမ ၁ ချောင်းနဲ့ လေးဂွ ၁ ခုတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်မှာလည်း ငါန်းဇွန်မြို့နယ်၊ ဖောင်းကတောကျေးရွာက ပျူစောထီးခေါင်းဆောင် ကိုငမိုးနဲ့ အဖွဲ့ဝင် ကိုလှဟန်၊ ကိုနွဲ့ဆိုး၊ ကိုအံ့ကျော်၊ ကိုလှဆန်းတို့ ရွာထဲအစည်းအဝေးလုပ်နေချိန် ကာကွယ်ရေးတပ်ဖွဲ့တွေက သွားရောက်ပစ်ခတ်ရှင်းလင်း ခဲ့ရာ ၅ ဦးစလုံး သေဆုံးခဲ့ပါသေးတယ်။