စစ်ကိုင်းတိုင်း အရာတော်မြို့နယ်က သမ္မာရိုးရွာမှာ အရပ်သား ၇ဦးကို စစ်ကောင်စီတပ်တွေက ပစ်သတ်သွားခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။
ဒီနေ့မနက်ပိုင်းမှာ ဝက်လက်မြို့နယ် ရွာသာကြီးရွာက ထွက်လာတဲ့စစ်ကောင်စီတပ်နဲ့ အရာတော်မြိုနယ်အတွင်းက စစ်ကောင်စီတပ်တွေဟာ သမ္မာရိုးရွာမှာ ပူးပေါင်းခဲ့ကြပြီး လမ်းသွားလမ်းလာအရပ်သား ပြည်သူ ၇ဦးကို ပစ်သတ်သွားတာလို့ဆိုပါတယ်။
အမျိုးသား ၄ဦး၊ အမျိုးသမီး ၃ဦး အသတ်ခံခဲ့ရတာဖြစ်ပြီး ကူးတို့ကိုင်းရွာကနေ ရွှေပန်းကုံးရွာကို ဈေးရောင်းဖို့လာတဲ့ အမျိုးသမီးတစ်ဦးလည်း အသတ်ခံခဲ့ရတဲ့အထဲပါဝင်တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်တွေဟာ အရပ်သားကားတစ်စီးကို လူသားဒိုင်းအဖြစ်ခေါ်ဆောင်သွားခဲ့ပြီး အရာတော်မြို့နယ်အတွင်းက ကူးတို့ကိုင်းရွာဘက်ကို ထွက်သွားတယ်လို့ဆိုပါတယ်။