ကျောက်မဲမြို့နယ်အတွင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး လက်ပစ်ဗုံး ပစ်ခတ်ခံရပြီး စစ်ကောင်စီဝန်ထမ်း (၂)ဦးသေဆုံးကာ (၅)ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်က အမှတ်(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးထဲကို ဩဂုတ်လ (၆)ရက် မနက် (၁၁)နာရီခွဲအချိန်က လက်ပစ်ဗုံးနဲ့ ပစ်ခတ်ခံခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့ကို Pajreo အမျိုးအစား အဖြူရောင်မော်တော်ယာဉ် ရောက်ရှိလာပြီး ရုံးထဲကို လက်ပစ်ဗုံးတစ်လုံး ပစ်ခတ်ခဲ့တာကြောင့် ထိခိုက်သေဆုံးတာတွေရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
လက်ပစ်ဗုံး ပစ်ခတ်ခံရတာကြောင့် သေဆုံးခဲ့တဲ့သူတွေဟာ မြို့နယ်စည်ပင်အရာရှိနဲ့ နမ္မတူမြို့က လျှပ်စစ်အင်ဂျင်နီယာတို့ဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူတွေထဲမှာ မြေစာရင်းဦးစီးမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ နယ်မြေမှူးတို့ပါဝင်တယ်လို့ ဆိုပါတယ်။
ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့သူတွေကို ကျောက်မဲမြို့ ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပြီး ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် စစ်ကောင်စီက ည(၇)နာရီခွဲနောက်ပိုင်း အပြင်မထွက်ရအမိန့်ထုတ်ထားတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
Era’sEye \News