၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၇) ရက်၊ ခေတ်မျက်လုံး။
ပထမအကြိမ် ချင်းပြည် (Chiland) ကောင်စီညီလာခံကို လေးရက်ကြာ ကျင်းပခဲ့ပြီး တော်လှန်ရေးကာလ ချင်းပြည်ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုကာ ချင်းပြည်ကောင်စီကို ဖွဲ့စည်းလိုက်ကြောင်း ချင်းပြည်ကောင်စီက ယနေ့ ဒီဇင်ဘာလ (၇) ရက်နေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။
ယင်းညီလာခံကို ယခုနှစ် ဒီဇင်ဘာလ (၄) ရက်နေ့မှ (၇) ရက်နေ့ အထိ အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ် ဝိတိုရိယစခန်းတွင် ပြုလုပ်ခဲ့ပြီး ချင်းအမျိုးသားတပ်ဦး (CNF)၊ ချင်းလွှတ်တော်ကိုယ်စားလှယ်နှင့် ဒေသကိုယ်စားလှယ်များအပါဝင် ဧည့်သည် (၂၃၅) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ဤညီလာခံနှင့်ပတ်သက်၍ ချင်းအဖွဲ့အစည်းများကြားတွင် သဘောထားမတိုက်ဆိုင်မှုများ ရှိနေပြီး ညီလာခံကို တက်ရောက်မည်မဟုတ်ဟု ချင်းအမျိုးသားကောင်စီ (မင်းတပ်) (CNC-Mindat/CDF-Mindat)၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) နှင့် ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU/PDF Zoland) တို့က ဒီဇင်ဘာလ (၅) ရက်နေ့တွင် သဘောထားထုတ်ပြန်ခဲ့သည်။
CNF နှင့် ချင်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ဦးဆောင်ပြုလုပ်သည့် ယင်းညီလာခံသည် ဒီမိုကရေစီစံနှုန်းနှင့် မကိုက်ညီသည့်အပြင် တန်းတူညီမျှမှုမရှိ၍ ချင်းအမျိုးသားတစ်ရပ်လုံးကို ကိုယ်စားပြုဖော်ဆောင်နိုင်မည်မဟုတ်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။