၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၈) ရက်၊ ခေတ်မျက်လုံး။
နွေဦးတော်လှန်ရေးဟာ အလှည့်အပြောင်း အချိုးအကွေ့တစ်ခုကို မကြာခင် ရောက်ရှိလာနိုင်တော့မယ်လို့ ယုံကြည်ကြောင်း NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မနေ့ကပြုလုပ်တဲ့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဗဟိုကော်မတီအစည်းအဝေးမှာ ပြောကြားခဲ့တယ်လို့ သိရပါတယ်။
“ အခုလက်ရှိ အခြေအနေတွေမှာ တော်လှန်ရေးအင်အားစုတွေအားလုံးရဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုပီပီပြင်ပြင် လုပ်ဆောင်လာနိုင်တာကြောင့် တော်လှန်ရေးဟာ အလှည့်အပြောင်း အချိုးအကွေ့တစ်ခုကို ရောက်လာနိုင်မယ်လို့ ယုံကြည်ပါကြောင်း” ၎င်းက ဆိုပါတယ်။
နိုင်ငံတကာသိုင်းအဝိုင်းဟာ တော်လှန်ရေးအင်အားစုတွေရဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို အသိအမှတ်ပြုလာရပြီဖြစ်ပေမယ့် အုပ်ချုပ်ရေးဖော်ဆောင်မှုအပိုင်းကိုတော့ စောင့်ကြည့်လေ့လာနေကြကာ အဲ့ဒီသံသယကို ချေဖျက်နိုင်ဖို့ ကြိုးပမ်းအားထုတ်ရမယ်လို့ ပြောဆိုခဲ့ပါတယ်။
အခုကော်မတီမှာ နိုင်ငံတကာရေးနဲ့သက်ဆိုင်တဲ့ ဝန်ကြီးဌာန (၂)ခုကို ထပ်မံအားဖြည့်ထားပြီး မြေပြင်အုပ်ချုပ်ရေးလုပ်ငန်းတွေကို NUG အပါအဝင် ချိတ်တွဲနေတဲ့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေအနေနဲ့ပါ အဆင်ပြေပြေ စီမံဆောင်ရွက်နိုင်တယ်ဆိုတာ ဒေသတွင်းနဲ့ နိုင်ငံတကာစာမျက်နှာတွေမှာ သတင်းစကားပေးနိုင်ဖို့ဖြစ်တယ်လို့ အထက်ပါပုဂ္ဂိုလ်က ထည့်သွင်းပြောဆိုထားပါတယ်။
အဆိုပါကော်မတီထဲမှာ ဝန်ကြီးဌာနတွေ အားလုံးပါဝင်နေတဲ့အပြင် ဝန်ကြီး၊ ဒုဝန်ကြီး၊ အတွင်းဝန်တွေအားလုံး ပါဝင်ဖွဲ့စည်းထားတာဖြစ်တဲ့အတွက် အားကောင်းကောင်းနဲ့ မောင်းနှင်နေတဲ့ အကြီးဆုံးကော်မတီလည်းဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။