မန္တလေးခရိုင်ထဲက တပ်ရင်းတွေပူးပေါင်းကာ မန္တလေးညီနောင်တပ်ပေါင်းစုအဖြစ် ဖွဲ့စည်းပြီးစီးကြောင်း ဒီကနေ့ စက်တင်ဘာလ (၉) ရက်နေ့မှာ ထုတ်ပြန်ကြေညာထားချက်အရ သိရပါတယ်။
မန္တလေးညီနောင်တပ်ပေါင်းစုအဖြစ် မန္တလေးခရိုင်က တပ်ရင်း (၃)၊ တပ်ရင်း (၄)၊ တပ်ရင်း (၅) နဲ့ တပ်ရင်း (၆)တို့က ပူးပေါင်းတည်ထောင်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။
အခုလိုညီနောင်တပ်ပေါင်းစုအနေနဲ့ တည်ထောင်ရတာက စစ်ကောင်စီကို တော်လှန်နေတဲ့ ဒေသတွင်း လက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေ ပိုမိုအင်အားတောင့်တင်းလာကြစေဖို့နဲ့ တော်လှန်ရေးအင်အားစုတွေအချင်းချင်းကြား ဘုံသဘောတူညီချက်တွေနဲ့ ပိုမိုစည်းလုံးညီညွတ်စွာ ညှိနှိုင်းချိတ်ဆက်ဆောင်ရွက်နိုင်ကြဖို့ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
လက်နက်စွဲကိုင် တော်လှန်လိုတဲ့ ပြည်သူတွေကို လက်နက်ကိုင်တော်လှန်ရေး စစ်သည်တော်တွေအဖြစ် စုဖွဲ့ပေးဖို့နဲ့ NUG ရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေး အာဏာတွေကို အခြေချရာဒေသအတွင်း ပိုမိုဖြန့်ကြက်နိုင်ရေး ကူညီဆောင်ရွက်ပေးနိုင်ဖို့ဖြစ်တယ်လို့ ဆိုထားပါတယ်။
ဒါ့ပြင် စစ်ကောင်စီတပ်ဖွဲ့တွေ ခြေကုက်ယူရာနယ်မြေတွေကို အရှိန်မြှင့် တိုက်ခိုက်ချေမှုန်းပြီး နယ်မြေစိုးမိုးရေး တိုးလာဖို့အပြင် စစ်ကောင်စီလက်အောက် ဖိနှိပ်ချုပ်ချယ်ခံနေရတဲ့ ပြည်သူတွေကို ကူညီစောင့်ရှောက်နိုင်ဖို့ ပါ၀င်တယ်လို့ ရေးသားထားပါတယ်။
တော်လှန်ရေးတပ်တွေထဲ မတူကွဲပြားမှု၊ သာတူညီမျှပါ၀င်မှုနဲ့ တရားမျှတမှုတွေ ပိုမိုရရှိလာရန်နဲ့ အာဏာရှင်စနစ် အမြစ်ပြတ်ကျဆုံးရေးကို အရှိန်မြှင့်ဆောင်ရွက်ဖို့ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။