မန္တလေးတိုင်း၊ တောင်သာမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)ရုံးကို ရဲနှင့် အရပ်ဝတ်လူတစ်စုက ယမန်နေ့ ဧပြီ (၇) ရက်နေ့ ည သန်းခေါင်အချိန်မှာ လာရောက်ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။
တောင်သာမြို့နယ် NLD ရုံးဟာစစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း ငါးကြိမ်မြောက် ဖျက်ဆီးခံရခြင်း ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၃) ရက်နေ့မှာ ရုံးသော့များကို ဖျက်ပြီး ရုံးအတွင်းမှ စာရွက်စာတမ်းများနှင့် ကွန်ပြူတာ၊ ဖုန်းအပါအဝင် ရုံးသုံးပစ္စည်းများကို သိမ်းယူသွားခဲ့ပြီး ရုံးကို ချိပ်ပိတ်ခဲ့ပါတယ်။
NLD ပါတီ ရုံးကို မဖျက်ဆီးခံရ ခင် နှင့် ဖျက်ဆီးခံရပြီးမြင်ကွင်းများ။
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၂၁) ရက်၊ (၂၂) ရက်နဲ့ (၂၃) ရက်နေ့ ညများမှာလည်း မြို့ယ်အုပ်ချုပ်ရေးမှူး၊ ရဲတပ်ဖွဲ့ နဲ့ပြည်ခိုင်ဖြိုးပါတီအမာခံများ ပူးပေါင်းပြီး ထပ်မံလာရောက်ဖျက်ဆီးခဲ့ကြတယ်လို့ သိရပါတယ်။
အခုအခါ ဧပြီလ (၇) ရက်တွင် အင်အား (၁၅) ဦးခန့်နဲ့ နောက်တစ်ကြိမ် ထပ်မံလာရောက်ဖျက်ဆီးခံရတာ ဖြစ်ပါတယ်။
မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ NLD ပါတီရုံးကို ဧပြီလ (၅) ရက်ညက စစ်ကောင်စီအုပ်စုက သေနတ်များ ပစ်ဖောက်ပြီး လာရောက်ဖျက်ဆီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ချမ်းအေးသာစံမြို့နယ်၊ ၆၂ လမ်းမကြီးပေါ်ရှိ NLD ပါတီ မန္တလေးတိုင်းရုံး အဆောက်အဦးမှ ပါတီဆိုင်းဘုတ်လည်း ဧပြီလ (၃) ရက်နေ့ ညပိုင်းက စစ်အုပ်စုက ဖြုတ်ချဖျက်ဆီးသွားခဲ့ပါသေးတယ်။