++++++++++++++++++
မြောက်ကိုရီးယားရဲ့ ဆိုက်ဘာခြိမ်းခြောက်မှု၊ ဂြိုလ်တုလွှတ်တင်မှုတွေနဲ့ Cryptocurrency အလွဲသုံးစားပြုလုပ်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် အမေရိကန်၊ တောင်ကိုရီးယား၊ ဂျပန် 3 နိုင်ငံ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီမှုရယူခဲ့ပြီဖြစ်တယ်လို့ အိမ်ဖြူတော်အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်က ဒီဇင်ဘာလ 9 ရက်နေ့မှာ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။
ဂျိတ်ဆူလီဗန်ဟာ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ တောင်ကိုရီးယား၊ ဂျပန်တာဝန်ရှိသူတွေနဲ့ စနေနေ့က တွေ့ဆုံခဲ့ပြီး မြောက်ကိုရီးယားက ကမ္ဘာပတ်လမ်းကြောင်းထဲ နောက်ထပ် ထောက်လှမ်းရေးဂြိုလ်တုတွေ ထပ်မံလွှတ်တင်မယ့် ကိစ္စကိုကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးခဲ့ကြတာပါ။
အဲဒီလိုတွေ့ဆုံဆွေးနွေးမှုဟာ ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းက အမေရိကန်သမ္မတဂျိုးဘိုင်ဒန် ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ Camp David သုံးနိုင်ငံထိပ်သီးအစည်းအဝေးပွဲက ချမှတ်ထားတဲ့ ကတိကဝတ်တွေကို အကောင်အထည်ဖော်ဖို့ဖြစ်တယ်လို့ အိမ်ဖြူတော်အမျိုးသားလုံခြုံရေးကောင်စီအကြံပေးဖြစ်တဲ့ ဂျိတ်ဆူလီဗန်က ပြောပါတယ်။
“ကျတော်တို့အနေနဲ့ အင်ဒိုပစိဖိတ်ဒေသကို ပိုမိုလုံခြုံမှုရှိစေဖို့အတွက် မဟာမိတ်နိုင်ငံရဲ့ ကမ်းခြေစောင့်တပ်တွေနဲ့ နက်နက်ရှိုင်းရှိုင်းပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်” လို့ ဂျိတ်ဆူလီဗန်က ပြောသွားခဲ့တာပါ။
မြောက်ကိုရီးယားနိုင်ငံဟာ သူတို့ရဲ့ ပထမဆုံး ထောက်လှမ်းရေးဂြိုလ်တုကို ပြီးခဲ့တဲ့ နိုဝင်ဘာလနှောင်းပိုင်းအတွင်း ကမ္ဘာပတ်လမ်းကြောင်းထဲ လွှတ်တင်နိုင်ခဲ့ပြီးတဲ့နောက် နောက်ထပ် ဂြိုလ်တုတွေ ထပ်မံလွှတ်တင်သွားဖို့ ဆုံးဖြတ်ထားတယ်လို့ နိုင်ငံပိုင်မီဒီယာတွေကနေ ထုတ်ဖော်ပြောဆိုထားပါတယ်။
အိမ်ဖြူတော်ရဲ့အမျိုးသားလုံခြုံရေးအကြံပေး ဆူလီဗန်၊ ဂျပန်နိုင်ငံမှ တာကဲအို အာကီဘာ၊တောင်ကိုရီးယားနိုင်ငံရဲ့ လုံခြုံရေးအကြံပေး ချိုတေးယန်တို့ဟာ ယူကရိန်းနဲ့ အရှေ့အလယ်ပိုင်းဒေသက ပဋိပက္ခတွေအကြောင်းကိုလည်း အကြံဉာဏ်များ ဖလှယ်ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။