ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေး ဖောင်တော်ဦးဘုရားရဲ့ အပူဇော်ခံ ဒေသစာရီ ခရီးကို အစဉ်အလာတိုင်း ၂၁ ဌာနကို အပူဇော်ခံ ပြန်လည် ကြွရောက်မယ်လို့ ဖောင်တော်ဦး ဘုရားဂေါပကအဖွဲ့ရဲ့ ကြေညာချက်အရ သိရပါတယ်။
နှစ်စဉ်နှစ်တိုင်း ဖောင်တော်ဦးဘုရား ဒေသစာရီခရီး ကြွတာကို ကိုဗစ်-၁၉ ဖြစ်ပွားချိန်ကစ ရပ်နားထားရာက ဒီနှစ်မှာ ပြန်အပူဇော်ခံ ကြွမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဩဂုတ်လ ၉ ရက်နေ့မှာ မြို့နယ်သံဃနာယက ဆရာတော်တွေ၊ ဖောင်တော်ဦးဘုရား ဩဝါဒစရိယ ဆရာတော်တွေနဲ့ ဘုရားဂေါပက အဖွဲ့တို့ ပြုလုပ်တဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ကိုဗစ်-၁၉ ရောဂါ ကပ်ဘေး အေးငြိမ်းပြီ ဖြစ်တဲ့အတွက် ဖောင်တော်ဦးဘုရား ၂၁ ဌာနသို့ ပြန်လည် အပူဇော်ခံကြွဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ ဂေါပက အဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။
သီတင်းကျွတ်လဆန်း ၁ ရက်နေ့၊ အောက်တိုဘာလ ၁၅ ရက်နေ့ကနေ သီတင်းကျွတ်လပြည့်ကျော် ၃ ရက်၊ နို၀င်ဘာလ ၁ ရက်နေ့အထိ ၂၁ ဌာနကို ထုံးတမ်းစဉ်လာအတိုင်း ၁၈ ရက်ကြာ ဖောင်တော်ဦးဘုရား အပူဇော်ခံ ကြွရောက်မှာ ဖြစ်တယ်လို့ ဂေါပကအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Era’sEye\News