မကွေးလေတပ် နဲ့ လက်နက်စက်ရုံ ကပစ (၂၅) တို့ကို ဖေဖေါ်ဝါရီ (၉) ရက် ညပိုင်းက PDF – မကွေးတပ်ဖွဲ့က ရှော့ခ်တိုက်ဒုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ အဲဒီပစ်ခတ်တိုက်ခိုက်မှုကို မကွေး ပြည်သူ့ကာကွယ်ရေးတပ် – မကွေးခရိုင် PDF အမှတ်(၁) တပ်ရင်းက ထုတ်ပြန်ထားချက်အရသိရပါတယ်။
မကွေးလေတပ်စခန်းဌာနချုပ်နဲ့ လက်နက်စက်ရုံ ကပစ (၂၅) တို့ကို ရှော့တိုက်ဒုံး (၅)လုံး နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရှော့တိုက်ဒုံး ၃လုံး ထိရောက်ပေါက်ကွဲခဲ့ပါတယ်။ ဒါ့အပြင် လက်နက်ကြီးကျည် ၂ လုံးနဲ့ လည်းထပ်မံပစ်ခတ်တိုက်ခဲ့ပါတယ်။ ဖေဖေါ်ဝါရီ (၁၀) ရက် မနက်ပိုင်းမှာလည်း စစ်ကောင်စီရဲ့ လက်နက်စက်ရုံထဲကို လက်နက်ကြီးတွေနဲ့ထပ်မံ ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။
အခု ပစ်ခတ်တိုက်ခိုက်မှုအတွက် ထိခိုက် သေဆုံးအခြေအနေတွေကိုတော့ အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ လက်နက်ကြီးထိမှန်မှုကြောင့် စစ်ကောင်စီတပ်တွေက အနီးအနားကရွာတွေကို ဝင်ရောက်စစ်ဆေးတာတွေပြုလုပ်နေတဲ့အတွက် ဒေသခံတွေလည်း ဘေးလွတ် ရာကိုတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။