မြေပြင်တပ်ဖွဲ့ဝင်တွေအနေနဲ့ ပြည်သူလူထုနဲ့ တိုက်ရိုက်ထိတွေ့နေရတဲ့အတွက် လုပ်ရပ်မမှားကြဖို့လိုတယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းပြောကြားခဲ့ကြောင်း သိရပါတယ်။
အောက်တိုဘာလ (၁၀) ရက်နေ့က NUG ယာယီသမ္မတနဲ့ ပြည်ထောင်စုဝန်ကြီးချုပ်အပါအဝင် ပြည်သူ့လုံခြုံရေးနဲ့ ကာကွယ်ရေးကောင်စီအဖွဲ့ဝင်တွေက စစ်ရေးဆိုင်ရာ မြေပြင်တာဝန်ခံတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့စဉ်မှာ ပြောဆိုခဲ့တာပါ။
“ မြေပြင်က တပ်ဖွဲ့ဝင်တွေအနေနနဲ့ ပြည်သူလူထုနဲ့ တိုက်ရိုက်ထိတွေ့နေရတဲ့အတွက် လုပ်ရပ်မမှားကြဖို့လိုနဲ့ မိသားစုပုံစံ ပြောဆိုဆွေးနွေးကြဖို့လိုအပ်ကာ လိုအပ်ချက်တွေကို ဖြည်းဆည်းပေးနိုင်ဖို့လည်း ကြိုးစားသွားမယ်” လို့ ၎င်းက ပြောကြားခဲ့ပါတယ်။
မြေပြင်အခြေအနေ အခက်အခဲတွေကို ကိုယ်တိုင်ကြားသိရတဲ့အတွက် တန်ဖိုးရှိကာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ လက်တွေ့အခြေအနေမှန်တွေကို ပိုပြီး ကြားသိချင်တယ်လို့ NUG ယာယီသမ္မတက ထည့်သွင်းပြောဆိုခဲ့ပါတယ်။
ဒါ့ပြင် မြေပြင်မှာ ဦးဆောင်နေသူတွေနဲ့ တွေ့ဆုံခွင့်ရတဲ့အတွက် ကျေးဇူးတင်ကြောင်းနဲ့ အားပေးဂုဏ်ပြုစကားကိုလည်း CRPH ဥက္ကဌ ဦးအောင်ကြည်ညွန့်က ပြောကြားခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။