ကိုးကန့်ဒေသမှာ စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်(MNDAA)တို့ တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက်က (၁၆) ဦးသေဆုံးခဲ့တယ်လို့ MNDAA ရဲ့ မနေ့က သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
အောက်တိုဘာလ (၁၄)ရက်နေ့ နေ့လယ် (၁၂)နာရီ (၅၀)မိနစ်အခန့်က စစ်ကောင်စီတပ်လက်အောက်ခံ စကခ(၁၂)၊ တပ်ရင်း (၃၃၅)က အင်အား(၃၀)ကျော်နဲ့ အရပ်သားတစ်ယောက်ကို ဖမ်းဆီးပြီး လမ်းပြအနေနဲ့ MNDAA တပ်ရှိရာကို ခေါ်လာခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဘက်က တပ်စခန်းကို ချီတက်လာစဉ် (၅)မီတာအကွာကိုရောက်တဲ့အခါ MNDAA ဘက်က ဦးစွာပစ်ခတ်ခဲ့တာကြောင့် နှစ်ဦးနှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီး တိုက်ပွဲဟာ ညနေ (၃)နာရီ (၅)မိနစ်ခန့်အထိ ကြာမြင့်ခဲ့တယ်လို့ MNDAA က ပြောပါတယ်။
အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က အထိနာကာ ပြင်းပြင်းထန်ထန် ပစ်ခတ်ခံခဲ့ရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝ် (၁၆)ဦး သေဆုံးခဲ့ပြီး (၇)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တိုက်ပွဲအတွင်း ရိုင်ဖယ် (၁၀)လက်၊ (၆၀)မမ ပစ်အမြောက် (၁)လက်၊ လက်ပစ်အမြောက် (၁)လက်၊ ကျည်ဘောက် (၁၄)ခု၊ ကျည်ဆန် (၂၁၈)တောင့်၊ အသံလွှင့်စက်(၁)လုံး၊ လက်နက်ဖုန်း(၁)လုံး၊ ဂြိုလ်တုဖုန်း(၁)လုံးနဲ့ အခြားထောက်ပံ့ရေးပစ္စည်းအချို့ သိမ်းဆည်းရမိခဲ့တယ်လို့ MNDAA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။