၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၆) ရက်၊ ခေတ်မျက်လုံး။
မကွေးတိုင်း၊ ပေါက်မြို့နယ်, ဇီးပြားရွာက စစ်ကောင်စီရဲကင်းစခန်းကို ဒေသပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက နိုဝင်ဘာလ ၁၃ ရက်နေ့ကစပြီး ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် တော်လှန်ရေးအင်အားစုဘက်က နှစ်ဆယ်ဦး ကျဆုံးသွားတယ်လို့ ကာကွယ်ရေးအဖွဲ့တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။
အဲဒီတိုက်ပွဲမှာ ပေါက်နဲ့ မြိုင်အခြေစိုက် ပြည်သူ့ကာကွယ်ရေးပူပေါင်းတပ်ဖွဲ့တွေ ပါဝင်ပြီး သေဆုံးသူတွေဟာ ဘယ်အဖွဲ့ဝင်တွေဆိုတာတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
နိုဝင်ဘာလ ၁၃ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ တိုက်ပွဲနှစ်ရက်တာ ကြာလာတဲ့အချိန်မှာ စစ်ကောင်စီဘက်က ရဟတ်ယာဉ်တွေနဲ့ လာရောက်ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။



ဇီးပြားရွာက အဲဒီကင်းစခန်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဆယ်ဦးနဲ့ ပျူစောထီး အယောက် (၆၀) လောက် ရှိတယ်လို့လည်း သိရပါတယ်။
စစ်ကောင်စီဘက်ကတော့ ဒီတိုက်ပွဲမှာ တော်လှန်ရေးအင်အားစုဘက်က အလောင်း (၂၆) လောင်းရရှိပြီး လက်နက် ခဲယမ်းနဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရရှိတယ်လို့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာ ရေးသားထားပါတယ်။






