၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၆)ရက်၊ ခေတ်မျတ်လုံး။
ဒီကနေ့ နံနက်(၈)နာရီခန့်က ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၁၃)ရက်ကွက်ရှိ အမှတ်(၂)လမ်းမကြီးဘေးမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ရပ်ကွက်နေသူတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။
“ မနက် (၈)နာရီ၀န်းကျင်လောက် အမှတ်(၂)လမ်းမကြီးပေါ်က Pro 1 နားမှာ ပေါက်တာ၊ လူထိခိုက်သေဆုံးတာတွေရှိတယ်လို့ ပြောနေကြတယ်။ လူနာတင်ကားအသံလဲကြားရတယ်” လို့ ရပ်ကွက်နေသူတစ်ဦးက ဆိုပါတယ်။
အဲ့ဒီဗုံးပေါက်ကွဲတာက လမ်းဘေးမှာရှိတဲ့ စက္ကူဗုံးတစ်ခုကို စက်ဘီးစီးလာသူနှစ်ဦးက သွားဖွင့်ကြည့်တဲ့အချိန် ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ စစ်ကောင်စီရဲ့တယ်လီဂရမ်ချန်နယ်တွေမှာ ဖော်ပြထားပါတယ်။
ပေါက်ကွဲတဲ့ဖြစ်စဉ်မှာ အမျိုးသားတစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပြီး ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီးတဲ့နောက်မှာ စစ်ကောင်စီတပ်ဖွဲ့၀င်တွေက လမ်းပိတ်ဆို့စစ်ဆေးတာတွေရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒီဇင်ဘာလ (၁၅)ရက်နေ့ ညပိုင်းအချိန်ကလည်း ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ တာမွေ၊ စမ်းချောင်း၊ အလုံနဲ့ ဒဂုံဆိပ်ကမ်းအပါအ၀င် မြို့နယ် (၁၀)မြို့နယ်လောက်မှာ ပေါက်ကွဲတာတွေရှိခဲ့တယ်လို့ မြေပြင်သတင်းတွေရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။