ရန်ကုန်မြို့ ဗိုလ်ချုပ်လမ်းနှင့် ဆူးလေဘုရားလမ်းထောင့်တွင် ဂျပန်နိုင်ငံသားနှစ်ဦး လုယက်ခံရပြီး တစ်ဦးမှာ ဓားဖြင့်ထိုးခံခဲ့ရမှု ဇန်နဝါရီ (၁၄) ရက် ည (၉) နာရီအချိန်က ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်မြို့ ဒေသခံများထံကသိရသည်။
လုယက်သည့်သူများမှာ အဖွဲ့ဝင် ၄ ဦးပါသည့် အဖွဲ့ဖြစ်ပြီး ဝိုင်းဝန်းလုယက်စဉ် တစ်ဦးကို ဓားဖြင့် ထိုးခဲ့ခြင်းဖြစ်သည်။ ဓားဖြင့် အထိုးခံခဲ့ရသည့် ဂျပန်နိုင်ငံသားသည် ရန်ကုန်ဆေးရုံကြီးတွင် လက်ရှိကုသလျက်ရှိကြောင်းသိရသည်။ “ ပြီးခဲ့တဲ့စနေနေ့ ညပိုင်းက ဖြစ်တာပါ။ ဆူးလေးရှန်ဂရီလာဟိုတယ် ရှေ့နားက မီးရထားဝန်း ကုန်းကျော်တံတားနားမှာ လုခံရတာပါ” ဟု မျက် မြင်တစ်ဦး ကပြောကြားသည်။
ဓားဖြင့်အထိုးခံရသည့် ဂျပန်နိုင်ငံသား၏ အမည်မှာ Mr.Narita Yuichi ဆိုသူဖြစ်ပြီး ပြည်တွင်းရှိ ကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး ဓားဖြင့်အထိုးခံရမှုကြောင့်နောက်ကျောယာဘက်တွင် အရှည် တစ်လက်မခန့်ရှိ ပေါက်ပြဲဒဏ်ရာရရှိခဲ့ကြောင်း၊ Samsung A12 အမျိုးအစား လက်ကိုင်ဖုန်းတစ်လုံး လုယက်ခံရကြောင်း သိရှိရသည်။
လက်ရှိအချိန်တွင် စစ်ကောင်စီ အစိုးရအနေဖြင့် လွတ်ငြိမ်းချမ်းသာခွင့်များ ပေးကာ အကျဉ်းသားများ လွှတ်ပေးလျက်ရှိရာတွင် ခိုးဆိုးလုနှိုက်များ အများဆုံး ပြန်လည် လွတ်မြောက် သည့်အထဲတွင် ပါဝင်ခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားပါဝင်မှု ဦးရေ နည်းပါးကြောင်း လေ့လာဆန်းစစ်သူများက သုံးသပ်ပြောကြားထားသည်။
MoeZ/Era’sEyes