မန္တလေးတိုင်း မိုးကုတ်မြို့နယ်မှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ စစ်ကောင်စီတပ်တို့ မနေ့က နှစ်နေရာမှာ တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ TNLAက သတင်းထုတ်ပြန်ပါတယ်။
TNLA စစ်ဒေသ (၂) မိုးကုတ်မြို့နယ် ကုန်းစံကျေးရွာနဲ့ အထက်ညောင်ကုန်းအနီးမှာ မနေ့က စစ်ကောင်စီနဲ့ တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့တာပါ။
မနေ့ နေ့လယ် ၁၂ နာရီခန့်မှာ စစ်ကောင်စီတပ်က ကုန်းစံကျေးရွာ TNLA တပ်ဖွဲ့တွေရှိရာကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာလို့ တိုက်ပွဲပြင်းထန်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီနောက် ညနေ (၄) နာရီခန့်မှာလည်း TNLA က တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့လို့ အထက်ညောင်ကုန်းရွာအနီး တိုက်ပွဲပြင်းထန်ခဲ့ပြီး၊ ညနေ ၆နာရီခန့်မှာ ကုန်းစံအနီးကို စစ်ကောင်စီက ဂျက်လေယာဉ်တစ်စီးနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
TNLAနဲ့ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော်တို့ ပူးပေါင်းပြီး ကနောင်စစ်ဆင်ရေးကို ဇူလိုင်လလယ်ကနေ စတင်ဆင်နွှဲနေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ ကျော် သေဆုံးအောင် တိုက်ခိုက်နိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
Photo-PSLF/TNLA