၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်၊ ခေတ်မျက်လုံး။
နယ်မြေမတည်ငြိမ်တဲ့ စစ်ကိုင်း၊ ရခိုင်နဲ့ ချင်းတွေမှာ လုံခြုံရေးအဖွဲ့တွေ ဖွဲ့တာရှိတယ်ဆိုပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ ဒီကနေ့ထုတ်သတင်းစာမှာ ပြောဆိုထားချက်အရ သိရပါတယ်။
“ နေပြည်တော်မှာရှိတဲ့ ဝန်ကြီးဌာနတွေမှာ လုံခြုံရေးအဖွဲ့တွေ ဖွဲ့တယ်ဆိုတာမျိုးတွေ ထွက်လာတာရှိပါတယ်။ ဒါဟာ အချိန်ကိုက်ဝါဒဖြန့်မှုသာဖြစ်တယ်။ နေပြည်တော်ဌာနဆိုင်ရာတွေလည်း သူ့လုပ်ငန်းကိုသူ အရှိန်မပျက် လုပ်ဆောင်နေတယ်” လို့ ၎င်းက ဆိုပါတယ်။
မတည်ငြိမ်သေးတဲ့ စစ်ကိုင်းတိုင်းက အချို့မြို့နယ်တွေ၊ ရခိုင်ပြည်နယ်က အချို့မြို့နယ်တွေနဲ့ ချင်းပြည်နယ်ထဲက မြို့နယ်အချို့တွေမှာပဲ လုံခြုံရေးအဖွဲ့ ဖွဲ့တာရှိတယ်လို့ သိရပါတယ်။
မြို့ကြီးပြကြီးအများစုမှာလည်း ဌာနဆိုင်ရာနဲ့ ပြည်သူတွေက သူ့လုပ်ငန်းတွေကို အရှိန်မပျက် လုပ်ဆောင်နေတယ်လို့ အထက်ပါပုဂ္ဂိုလ်က ထပ်မံပြောဆိုထားပါတယ်။
အခုအခါ နေပြည်တော်မှာ တည်တည်ငြိမ်ငြိမ်ရှိနေပြီး အရေးပေါ်အခြေအနေ လိုအပ်လာရင်တော့ ဌာနဆိုင်ရာက ဝန်ထမ်းတွေနဲ့ စစ်မှုထမ်းဟောင်းတွေကို လုံခြုံရေးအသင့်ပြင်ထားဖို့ ညွှန်ကြားထားတယ်လို့ ပြည်တွင်းပြည်ပသတင်းဖော်ပြချက်တွေအရ သိရပါတယ်။