ပဲခူးတိုင်းအတွင်းက မြို့နယ်တွေမှာရှိတဲ့ စျေးဆိုင်တွေမှာ စစ်တပ်ထုတ်ကုန်တွေကို မရောင်းချရင် ဆိုင်ပိတ်ရမယ်ဆိုပြီး စစ်ကောင်စီဘက်က ထုတ်ပြန်စာ ထုတ်ခဲ့သလို မြေပြင်မှာလည်း လိုက်လံခြိမ်းခြောက်တာတွေ လုပ်နေတယ်လို့ သိရပါတယ်။
စက်တင်ဘာလ ဒုတိယအပတ်ကစတင်ပြီး စစ်တပ်၊ ထွေအုပ်၊ ရဲ၊ စည်ပင်နဲ့ သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တွေပါတဲ့ အဖွဲ့က စျေးဆိုင်တွေကို စစ်တပ်ထုတ်ကုန် ရောင်း မရောင်း လိုက်လံစစ်ဆေးနေပြီး မရောင်းရင် ဆိုင်ပိတ်ရမယ်လို့ ပြောဆိုခဲ့တာပါ။
စစ်ကောင်စီဘက်က ဖိအားပေးမှုတွေရှိလာလို့ စျေးဆိုင်တွေမှာ စစ်တပ်ထုတ်ကုန်တွေကို ဝယ်ယူပြီး ဟန်ပြသဘောမျိုး တင်ထားကာ စျေးဝယ်သူတွေကို မရောင်းဘဲနေတာရှိသလို အချို့ဆိုင်တွေကတော့ ဝယ်ယူထားပြီးဖြစ်တာကြောင့် အရင်းမရှုံးအောင် ပြန်ရောင်းချနေတာမျိုးတွေလည်း ရှိလာတယ်လို့ ဆိုပါတယ်။
ပဲခူးတိုင်းစည်ပင်သာယာကနေ တိုင်းအတွင်းမှာရှိတဲ့ စည်ပင်သာယာ နယ်နိမိတ်အတွင်းက စျေးဆိုင်တွေမှာ FDA က ခွင့်ပြုထားတဲ့ ကုန်ပစ္စည်းတွေကို ခွဲခြားပြီးရောင်းချတာမျိုး မရှိစေဘဲ ကုန်ပစ္စည်း ခွဲခြားရောင်းချတဲ့ ဆိုင်တွေကို အရေးယူဖို့ ညွှန်ကြားထားတာ ဖြစ်ပါတယ်။