ဒီဇင်ဘာလ (၁၈)ရက်။
သိမ်းပိုက်ထိန်းချုပ်ထားတဲ့ အာရှလမ်းမကြီးပေါ်မှာ ပိတ်မိနေတဲ့ ကားသမားတွေနဲ့ မိသားစုတွေကို ဒီဇင်ဘာလ (၁၅)ရက်နေ့က ထောက်ပံ့ကူညီပေးခဲ့တယ်လို့ ဒေါနစစ်ကြောင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
(၁၅)ရက်တာတိုက်ပွဲအတွင်း ကော့ကရိတ်မြို့နယ်က ကော့နွဲတပ်စခန်းတွေကို တော်လှန်ရေးတပ်တွေ စုပေါင်းသိမ်းပိုက်လိုက်ပြီးနောက် အာရှလမ်းမကြီးကို ထိန်းချုပ်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။
အခုအခါ ဒေါနစစ်ကြောင်းက အာရှလမ်းပေါ်မှာ ပိတ်မိနေတဲ့ ကားသမားတွေနဲ့ မိသားစု အယောက်(၂၀၀)ကျော်အတွက် ဆန်၊ ဆီ၊ ဆား၊ ငရုတ်သီးမှုန့်တွေ၊ နနွင်းမှုန့်၊ အချိုမှုန့်၊ အာလူး၊ ငါးခြောက်နဲ့ အာဟာရအတွက် ကြက်သားတွေကို ထောက်ပံ့ကူညီပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ကူညီထောက်ပံ့ခဲ့တဲ့ ကုန်ကျစရိတ်အနေနဲ့ စုစုပေါင်း (၂၅)သိန်းဖိုးရှိပြီး စစ်ဘေးရှောင်ပြည်သူတွေ ဖတ်ရှုနိုင်ဖို့ ဒေါနစစ်ကြောင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ကိုမဟာချိုက စာအုပ်တွေ လှူဒါန်းခဲ့တယ်လို့ ရေးသားထားပါတယ်။
ဒေါနစစ်ကြောင်းအနေနဲ့ ချေမှုန်းရေးတပ်သားတွေက တိုက်ခိုက်ရေးပိုင်းနဲ့ ပြည်သူလူထုကို ကာကွယ်နေတဲ့အပြင် ဒေါနစစ်ကြောင်း ပြည်သူ့ရေးရာဌာနက ပြည်သူလူထုနဲ့တွေ့ဆုံညှိနှိုင်းပညာပေးတာနဲ့ ကူညီစောင့်ရှောက်တာတွေ ရှိနေတယ်လို့ ပြောဆိုထားပါတယ်။
မြို့သိမ်းတိုက်ပွဲတွေ ဖော်ဆောင်ရာမှာ ကော့ကရိတ်မြို့အတွင်းက ပြည်သူလူထု လူဦးရေ (၃၀၀၀၀) ကျော် စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ဒေါနစစ်ကြောင်းရဲ့ ထည့်သွင်းပြောဆိုထားချက်အရ သိရပါတယ်။