၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၈) ရက်၊ ခေတ်မျက်လုံး။
ကော့ကရိတ်မြို့နယ်ထဲက အကြမ်းဖက်စစ်တပ်ရဲ့ အုပ်ချုပ်ရေးအောက်ရှိ ယန္တရားမှာ ပါ၀င်နေသူတွေ မြို့ထဲကနေ အမြန်ဆုံးထွက်ခွာကြဖို့ KNU ရဲ့ ဒီကနေ့မှာ သတိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။
ကော့ကရိတ်မြို့နယ်ထဲက ကျိုက်ဒုံ၊ ကော့ကရိတ်၊ စုကလိနဲ့ ဝေါ်လေမြိုင်မြို့က စစ်တပ်ရဲ့ အုပ်ချုပ်ရေးအောက်မှာရှိတဲ့ ယန္တရားမှာ ပါ၀င်နေကြသူတွေကို ထွက်ခွာပေးကြဖို့ အကြိမ်ကြိမ် သတိပေးထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။
အခုအကြိမ်မှာတော့ KNU က နောက်ဆုံးအနေနဲ့ နိုဝင်ဘာလ (၁၇)ရက်နေ့ ရက်စွဲနဲ့ စာထုတ်ပြန်တဲ့နေ့ကစပြီး (၇) ရက်အတွင်း မြို့အတွင်းကနေ အမြန်ဆုံးထွက်ခွာကြဖို့ နောက်ဆုံးအကြိမ်အနေနဲ့ သတိပေးထားတာပါ။
အမိန့်ထုတ်ပြန်ချက်ကို လိုက်နာခြင်းမရှိပါက နောက်ဆက်တွဲပြဿနာတွေကို တာဝန်ယူမှာမဟုတ်ဘူးလို့လည်း ထုတ်ပြန်ပြောဆိုထားချက်အရ သိရပါတယ်။