ဒီဇင်ဘာလ (၁၉)ရက်။
ဒီဇင်ဘာလ (၁၈)ရက်နေ့ နံနက် (၈)နာရီ (၁၃)မိနစ်အချိန်က ရခိုင်ပြည်နယ်၊ ရမ်းဗြဲကျွန်းပေါ်မှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ရက္ခိုင့်တပ်(AA)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အခုတိုက်ပွဲဟာ “ ၁၀၂၇ စစ်ဆင်ရေး” ကာလထဲမှာ ရမ်းဗြဲကျွန်းပေါ် ပထမဆုံးအကြိမ်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲဖြစ်တယ်လို့ ဆိုပါတယ်။
အဲ့ဒီတိုက်ပွဲဟာ ရမ်းဗြဲမြို့တောင်ဘက် မီတာ(၂၀၀)ကျော်ခန့်အကွာအဝေးရှိတဲ့ အောင်ချမ်းသာစေတီတည်ထားတဲ့ တောင်ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရုတ်ချည်းရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ရေးသားထားပါတယ်။
တိုက်ပွဲမှာ စစ်ကောင်စီဘက်က စစ်သင်္ဘောအပါအဝင် ဒရုန်းတွေနဲ့ လာရောက်တိုက်ခိုက်ခဲ့ပေမယ့် စစ်ကောင်စီတပ်သား (၄)ဦးသေဆုံးကာ လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆောင်ပစ္စည်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီနေ့ နေ့လယ် (၁၂)နာရီခန့်ကလည်း စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ စစ်ရဟတ်ယာဉ် (၂)စီးနဲ့ ရမ်းဗြဲမြို့အနီးက ရွာတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မြို့ပေါ်ရပ်ကွက်ထဲက နေအိမ်အချို့နဲ့ ဆီဆိုင်တန်း မီးလောင်ခဲ့တယ်လို့ AA က ပြောဆိုထားပါတယ်။
ဒါ့ပြင် စစ်ကောင်စီရဲ့ ကြည်း၊ ရေ၊ လေနဲ့ လာရောက်ပစ်ခတ်တာတွေကြောင့် လောင်းချောင်းရပ်ကွက်က ဒေသခံသက်ကြီးပိုင်းအမျိုးသားတစ်ဦး ကျည်ထိမှန်သေဆုံးကာ အရွယ်မရောက်သေးတဲ့ မိန်းကလေးနှစ်ဦးအပါအဝင် ညောင်ပင်လှရွာက အမျိုးသားတစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။