စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာကို ဒီကနေ့ ဧပြီလ (၂၀) ရက်နေ့ ညနေ (၆) နာရီလောက်က ရွာကနေအိမ်များကို စစ်ကောင်စီတပ်က လာရောက် မီးရှို့နေကြောင်း ဒေသခံများက ခေတ်မျက်လုံးသတင်းဌာနကို ပြောဆိုလာပါတယ်။
ဒေသခံများအနေနဲ့ လေကြောင်းတိုက်ခိုက်မှုအပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ အတွက် ထိခိုက်မှု မရှိပေမယ့် မိမိတို့ရွာက နေအိမ်တွေ မီးလောင်နေတာကို အဝေးကနေ အကူအညီမဲ့စွာ ဒီအတိုင်းထိုင်ကြည့်နေရကြောင်း ပြောပြပါတယ်။
စစ်ကိုင်းတိုင်းရှိ ရွာတော်တော်များများ မီးရှို့ခံနေရတဲ့အတွက်စစ်ဘေးရှောင်အရေအတွက်လည်း တနေ့တခြား တိုးပွားလာပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့များအနေနဲ့လည်း လူအင်အားရှိပေမဲ့ လက်နက်အင်အား မရှိတဲ့အတွက် အလူးအလဲခံနေရကြောင်း ဒေသခံတွေက ပြောပါတယ်။
မီးလောင်ပျက်စီးမှုရဲ့ အခြေအနေကို အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ နောက်ဆုံးအခြေအနေတွေကို ဆက်လက်စိစစ်တင်ပြသွားပါ့မယ်။
ဓာတ်ပုံ။ ကန့်ဘလူမြို့နယ် ပဇီကြီးရွာကို ဧပြီလ (၁၁) ရက်နေ့က လေကြောင်းတိုက်ခိုက်မှုအပြီး တွေ့ရစဉ်။