လူသားချင်းစာနာမှုဆိုင်ရာ ဝင်ရောက်ကူညီခွင့်အတွက် ကန့်သတ်ချက်တွေ ပိုတိုးလာတာကြောင့် အကူအညီ လိုအပ်သူတွေဆီကို အရေးပါတဲ့ အကူအညီတွေ ပေးအပ်နိုင်ဖို့ အဟန့်အတား ဖြစ်နေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) က စက်တင်ဘာလ (၂၀) ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
လက်ရှိမှာ နေရပ်စွန့်ခွာမှု ဒုက္ခအပြင် ရာသီဥတုဆိုးရွားမှုတို့ကိုပါ ပူးတွဲခံစားနေရသူတွေ နိုင်ငံအနှံ့ ရှိနေသလို လူသားချင်းစာနာမှု ဆိုင်ရာအကူအညီ ပေးရေးမှာ အဓိကအနေနဲ့ ကချင်ပြည်နယ်နဲ့ နိုင်ငံအရှေ့တောင်ပိုင်းတို့တွင် ကန့်သတ်ခံရမှု ပိုတိုးလာတယ်လို့ဆိုပါတယ်။
နိုင်ငံအနောက်မြောက်ပိုင်းနှင့် အရှ့တောင်ပိုင်းတို့မှာ လက်နက်ကိုင်ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သလို အရပ်သားသေဆုံးမှုလည်း ဆက်တိုက်ရှိနေကာ လူသားချင်းစာနာမှုဆိုင်ရာ အကူညီပေးရေးများမှာလည်း တချို့နေရာတွေမှာကန့်သတ်ခံထားရတာတွေ ရှိတယ်လို့ ဖော်ပြထားပါတယ်။
အာဏာသိမ်းစစ်ကောင်စီကတော့ လူသားချင်းစာနာမှု အကူအညီပေးနေတဲ့ INGO နဲ့ NGO အဖွဲ့အစည်းတွေကို အရင်ထက်ပိုပြီး ထိန်းချုပ်ကြပ်မတ်ဖို့ လုပ်ဆောင်လာတာတွေရှိတယ်လို့လည်း အကူအညီပေးရေး ဆောင်ရွက်နေကြတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေထံမှ သိရပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံတစ်ဝန်း ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁၁) ရက်နေ့အထိ နောက်ဆုံးစာရင်းအရ ပြည်တွင်းနေရပ်စွန့်ခွာသူ ၁ ဒသမ ၉ သန်း ကျော် ရှိလာပြီ ဖြစ်ကြောင်း စက်တင်ဘာ (၂၀) ရက်မှာ UNOCHA က ထုတ်ပြန်ထားပါတယ်။