ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် ပန်မွန်းရွာအနီးမှာ (TNLA) နဲ့ စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်ထားပါတယ်။
စစ်တပ်ရဲ့ ခမရ (၅၀၄) တပ်က ထိုးစစ်ဆင်လာလို့ မေလ ၂၀ရက် ညနေပိုင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားပါတယ်။တိုက်ပွဲဟာ အချိန် ၂နာရီ ကြာမြင့်ခဲ့ပြီး စစ်တပ်က ပြန်ဆုတ်သွားလို့ တိုက်ပွဲငြိမ်သက်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်တပ်က မေလ ၁၈ ရက်နေ့ကလည်း ကွတ်ခိုင်မြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားမှု မရှိဘဲ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ရမ်းသန်း ပစ်ခတ်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
TNLA နဲ့ စစ်တပ်တို့အကြား ဖေဖော်ဝါရီလအတွင်းကလည်း ကျောက်မဲမြို့နယ် အတွင်းက တိုက်ပွဲတွေမှာ စစ်တပ်ဘက်က (၁၅) ဦး သေဆုံးပြီး (၅) ဦး ဒဏ်ရာရခဲ့ကြောင်း သိရှိရပါတယ်။အဲဒီတိုက်ပွဲမှာ စစ်တပ်ရဲ့ လက်နက်ခဲယမ်းတွေကို TNLA က သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
Era’sEyes / ဓာတ်ပုံ – TNLA တပ်ဖွဲ့ဝင်များ