ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့မှာ မီးနီဖြတ်မောင်းတဲ့ကားကို လိုက်ဖမ်းတဲ့ ယာဉ်ထိန်းရဲ (၂)ဦး သေနတ်နဲ့ပစ်ခတ်ခံခဲ့ရတယ်လို့ စစ်ကောင်စီချန်နယ်တွေရဲ့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
ဒီကနေ့ စက်တင်ဘာလ (၂၂)ရက်၊ နံနက် (၁၀) နာရီ (၂၅) မိနစ်အချိန်က လားရှိုးမြို့၊ အမှတ် (၄) ရပ်ကွက်၊ မန္တလေးလမ်းနဲ့ ရေကန်လမ်းဆုံရှိ မီးပွိုင့်မှာ မီးနီဖြတ်မောင်းတဲ့ကားတစ်စီးကို လိုက်လံဖမ်းဆီးစဉ် ပစ်ခတ်ခံခဲ့ရတာလို့ ဆိုပါတယ်။
မီးနီဖြတ်မောင်းတဲ့ကားကို လိုက်ဖမ်းချိန် အဲ့ဒီကားဟာ ရပ်တန့်ပြီး သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် ယာဉ်ထိန်းရဲ (၂)ဦးမှာ သေနတ်ထိမှန်ဒဏ်ရာ(စိုးရိမ်ရ)ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
သေနတ်နဲ့ပစ်ခတ်ခံတဲ့ဖြစ်စဉ်မှာ ဒဏ်ရာရရှိခဲ့သူတွေဟာ ရဲတပ်သား ပြည့်ဖြိုးပိုင်နဲ့ ယာဉ်ထိန်းအကူ လှိုင်မျိုးတို့ ဖြစ်ကာ တစ်ဦးသေဆုံးသွားတယ်လို့ ဒေသတွင်းသတင်းတွေက ရေးသားထားပါတယ်။
ယာဉ်ထိန်းရဲ သေနတ်နဲ့ပစ်ခတ်ခံရပြီးနောက် လားရှိုးမြို့ အဝင်အထွက်ဂိတ်တွေမှာ ကားတွေကို အစစ်အဆေး ကြမ်းနေပြီး လမ်းပိတ်ဆို့တဲ့အထိ ဖြစ်နေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။