ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ မတူပီ-ပလက်ဝ လမ်းပိုင်းမှာ စစ်ကောင်စီ စစ်တပ် ရိက္ခာပို့ ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ Chinland Defence Force- Matupi ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အဲဒီလို မိုင်းဆွဲတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က စစ်သား ၁၂ ဦးသေဆုံး ခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ဒါကိုတော့ ခေတ်မျက်လုံးအနေနဲ့ အတည်ပြုနိုင်ခြင်း မရှိပါဘူး။

မတူပီမြို့အခြေစိုက် ခလရ (၃၀၄) တပ်မှ ထယ်ဘွေစခန်းကို အင်အားနဲ့ ရိက္ခာများ ဖြည့်ရန် ကား (၃) စီး၊ အင်အား (၈၀) ခန့်နဲ့ ထွက်ခွာလာတဲ့ စစ်ကောင်စီ ယာဉ်တန်းကို မတ်လ (၂၀) ရက်နေ့၊ မနက် (၁၀) နာရီအချိန်မှာ မတူပီ-ပလက်ဝလမ်းမပေါ် (၆) မိုင်မှာ တစ်ကြိမ်၊ မွန်းလွဲ (၁) နာရီခန့်၌ (၇) မိုင်နှင့် (၈) မိုင် ကြားမှာ တစ်ကြိမ်၊ မတ်လ (၂၁) ရက် နံနက် (၉) နာရီခွဲခန့်၌ (၉) မိုင်နှင့် တွီရှစ်ရွာအဝင်မှာ တစ်ကြိမ် စုစုပေါင်း (၃) ကြိမ်မိုင်းဆွဲ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

မတူပီ-ဟားခါးလမ်းတွင် တပ်ချထားတဲ့ စစ်ကောင်စီတပ်ဟာ စစ်တပ် ဗျူဟာစခန်းကနေ လက်နက်ကြီးတွေနဲ့ မတူပီ-ပလက်ဝလမ်းပိုင်းရှိ ဝလီပီကျေးရွာဘက်ကို ရမ်းသမ်းပစ်ခတ်တာတွေလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ လက်နက်ကြီးတွေ ရွာအတွင်း ကျရောက်ပေါက်ကွဲ ခဲ့ပေမယ့်လည်း ဒေသခံများ အထိအခိုက်မရှိခဲ့ဘူးလို့ Chinland Defence Force- Matupi က ထုတ်ပြန်ထားပါတယ်။