မိုခါဆိုကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်အတွင်း ဓါတ်တိုင်၊ မီးကြိုးများ၊ ထရန်စဖော်မာများနှင့် ဓါတ်အားပေးခွဲရုံများ ပျက်စီးသွားခဲ့ပါတယ်။
အဲဒီလိုလျှပ်စစ်ပြတ်တောက်မှုကို ပြုပြင်နေစဉ်မှာ မီးစက်များနှိုးပြီး မီးပေးသွားမယ်လို့ စစ်ကောင်စီက မေ ၂၂ ရက်က ထုတ်ပြန်ပါတယ်။
မိုခါမုန်တိုင်းကြောင့် ရခိုင်မြောက်ပိုင်းဒေသဖြစ်သည့် မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျန်း၊ စစ်တွေ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်ဖြူနှင့် ပေါက်တော အစရှိသည့်မြို့နယ်များမှာ မေလ ၁၄ ရက်မုန်တိုင်းဝင်သည့်နေမှစ၍ လျှပ်စစ်မီးမရသည်မှာ လက်ရှိ အချိန်ထိ ဖြစ်ပါတယ်။
ရန်ကုန်လျှပ်စစ်ဓါတ်အားပေးရေး ကော်ပိုရေးရှင်း YESC မှ စီစဉ်ဆောင်ရွက်ပေးမှာ ဖြစ်တယ်လို့ စစ်ကောင်စီက ပြောပါတယ် ။
စစ်တွေမြို့အပါအဝင် ရခိုင်မြောက်ပိုင်းဒေသသို့ လျှပ်စစ်ဓါတ်အားပို့လွှတ်နေသည့် ၂၃၀ ကေဗွီ ပုဏ္ဏားကျွန်းပင်မ ဓါတ်အားပေးခွဲရုံနှင့် ၂၃၀ ကေဗွီ အမ်း-မြောက်ဦး-ပုဏ္ဏားကျွန်း မဟာဓါတ်အားလိုင်းရှိ တာဝန်တိုင်တွေ ပျက်စီးခဲ့တာပါ။
ပျက်းစီးခဲ့သည့် လျှပ်စစ်ဓါတ်အားပေး လမ်းကြောင်းများကို ပြန်လည်ပြုပြင်နေသည်ဟု ပြောသော်လည်း မီးစက်များဖြင့် အစားထိုးမီးပေးမည်မှာ မည်သည့်မြို့များကို မည်သည့်နေ့တွင် ပေးမည်နှင့် မီးပေးမည့် အခြေအနေအသေးစိတ်ကို စစ်ကောင်စီက မထုတ်ပြန်သေးပါဘူး။
လက်ရှိတွင် ဒေသခံပြည်သူများသည် အခကြေးငွေပေးရသော အားဖြည့်ဆိုင်များတွင် ဖုန်း၊ မီးသီးနှင့် ပါဝါဘန့်များကို ဘက္ထရီဖြည့်၍အဆက်အသွယ်မပြတ်စေရန် လုပ်ဆောင်နေရပြီး ထမင်းချက်ရန်အတွက် မီးသွေးကို အဓိကသုံးနေရတယ်လို့သိရပါတယ်။
မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည် မြို့နယ် ၁၇ မြို့နယ်စလုံးကို လေဘေးသင့်အဖြစ် စစ်ကောင်စီက သတ်မှတ်ကြေညာထားပြီး ပြန်လည်ထူထောင်ရေးကာလကို ၆ လသတ်မှတ်ကာ မူလအနေ အထားသို့ ပြန်လည်ရောက်ရှိရေးကို ၃ နှစ်သတ်မှတ်ထားတယ်လို့သိရပါတယ်။
Era’sEyes/Photo -CRD – Western News