ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်းရှိတဲ့ ဒေါလျားခူနဲ့ တနီးလာလဲ တောင်ပေါ် တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ် ဗိုလ်ကြီးအဆင့်ရှိသူတွေအပါအဝင် တပ်သား ၄၀ ကျော်သေဆုံးခဲ့ပြီး စစ်ရေးလက်နက်ခဲယမ်းများစွာရရှိခဲ့တယ်လို့ KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနက မနေ့က ရက်စွဲနဲ့ အသိပေးထုတ်ပြန်ထားပါတယ်။
မေလ (၁၄) ရက်နေ့ကတည်း တနီးလာလဲကျေးရွာတောင်ပေါ်က ဒေါလျားခူ ကျေးရွာ တောင်ပေါ်ဖက်ကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်လက်အောက်ခံ ခြေမြန်တပ်ရင်းတွေ ဖြစ်တဲ့ ခမရ(၄၂၅)၊ ခမရ(၅၁၇)၊ ခလရ(၂၈၇) တပ်ရင်းတွေကို ကရင်နီ ပူးပေါင်းတပ်ဖွဲ့တွေဖြစ်တဲ့ KNDF-ETD၊ KNDF-UAV နဲ့ Loikaw PDF တို့ ပူးပေါင်းပြီး တန်ပြန်ထိုးစစ်ဆင်ကာ မေလ (၂၃) ရက်နေ့အထိ တန်ပြန်ချေမှုန်း တိုက်ခိုက်ခဲ့တာပါ။













(၁၀) ရက်နီးပါး ဖြစ်ပွားခဲ့တဲ့ ထိတွေ့တိုက်ပွဲတွေအတွင်း အကြမ်းဖက် စစ်ကောင်စီဘက်က ဗိုလ်ကြီးအဆင့်ရှိသူ (၁) ဦး၊ ဗိုလ်အဆင့်ရှိသူ (၂) ဦး အပါအဝင် စစ်ကောင်စစ်တပ်သား (၄၀) နီးပါး သေဆုံးခဲ့ပြီး ဗိုလ်ကြီးအဆင့်ရှိသူ အပါအဝင် ထိခိုက်ဒဏ်ရာရရှိသူလည်း များပြားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြေပြင်တိုက်ပွဲတွေအတွင်း စစ်တပ် ငယ်သားဗိုလ် နဲ့ တပ်သားတွေကို အသေခံခိုင်းနေတဲ့ အခြေအနေတွေကို စစ်ကောင်စီရဲ့ သက်ဆိုင် ရာ နောက်တန်းတပ်မိသားစုဝင်တွေ သိရှိနိုင်ဖို့လည်း ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပါထားပါတယ်။
(၉)ရက်တာတိုက်ပွဲတွေအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဆီက MA-1 (၈)လက်၊ MA-2(၁)လက်၊ MA-3 (၃)လက်၊ MA-4 (၁)လက်၊ 9mm Pistol (၁)လက်၊ RPG (၂)လက် နဲ့ဆက်စပ်ခဲယမ်းမီးကျောက်တွေ၊ ဆက်သွယ်ရေး ပစ္စည်းတွေနဲ့ စစ်အသုံးအဆောင် အမြောက်အများ သိမ်းစည်းရရှိခဲ့ပြီး ရန်သူသုံ့ပန်း (၂) ဦးအား အရှင်ဖမ်းဆီးနိုင်ခဲ့ပါတယ်။
တိုက်ပွဲတွေအတွင်း စစ်တပ်ဘက်က လွိုင်ကော်၊ ငွေတောင်နဲ့ ဖရူဆိုအခြေ စိုက်တပ်တွေက နေ့စဉ် လက်နက်ကြီးတွေ အလွန်အကျွံ အသုံးပြုပြီး ပစ်ကူပေးခဲ့တဲ့အပြင် ဂျက်ဖိုက်တာ (Jet Fighter) တွေနဲ့ အကြိမ် ရေ စုစုပေါင်း (၆၀) ထက် မနည်းဗုံးကြဲတာ၊ ပစ်ခတ်တာတွေ ပြုလုပ်ခဲ့ပါတယ်။
အဲဒီလို စစ်တပ်ဘက်က စစ်ရေးအလွန့်အကျွံ့ သုံးမှုတွေကြောင့် ပြည်သူ့ရဲဘော်တွေဖြစ်တဲ့ KNDF/B01 က ရဲဘော် (၁) ဦး၊ KNDF/B07 က ရဲဘော် (၂) ဦး၊ KNDF/B09 က ရဲဘော် (၃) ဦး၊ KNDF/B10 က ရဲဘော် (၁) ဦး နဲ့ ကရင်နီတပ်မတော် (KA) က ရဲဘော် (၁) ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရတယ်လို့ KNDF က အသိပေး ဖော်ပြထားပါတယ်။
မတ်လက စတင်ပြီး လက်ရှိအချိန်ထိ ဒီးမော့ဆိုအရှေ့ဖက်ခြမ်းရှိ ဒေါစဲ၊ ဒေါတငူးနဲ့ တနီးလာလဲကျေးရွာအနီးမှာ ထိတွေ့တိုက်ပွဲတွေ နေ့စဉ် ဖြစ်ပွားနေတာကြောင့် ပြည်သူတွေ ဖြတ်သန်းသွားလာတာတွေကို တတ်နိုင်သမျှ မပြုလုပ်ကြဖို့ကိုလည်း KNDF သတိပေး တိုက်တွန်းထားပါတယ်။
Era’sEye/Photo-KNDF