ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ နိဗ္ဗာန်ချမ်းသာမင်္ဂလာအသင်းရဲ့ ငါးကန်ထဲက အလှမွေး ရွှေငါးကြင်း ငါးတွေ သေဆုံးခဲ့တာဟာ ရေညစ်ညမ်းပြီး အောက်ဆီဂျင်ပျော်ဝင်မှုနည်းလို့ ဖြစ်တာလို့ ငါးလုပ်ငန်းဦးစီးဌာန ဓာတ်ခွဲစမ်းသပ်မှု အဖြေထုတ်ပြန်လိုက်ပါတယ်။
တိုက်ကြီးမြို့နယ်ထဲက ဒေသခံတွေ အပန်းဖြေ အနားယူရာ နေရာတခုဖြစ်တဲ့ အဲဒီ ငါးကန်အတွင်းမှာ ပြီးခဲ့တဲ့ မေလ ၂၂ ရက်နေ့က အလှမွေး ရွှေငါးကြင်း သုံးသောင်းကျော် သေဆုံးမှုဖြစ်ခဲ့တာပါ။
အဲဒီလို သေဆုံးတာနဲ့ ပတ်သက်ပြီး အဆိပ်ခတ်ခံရတယ်လို့ လူတချို့က သံသယတချို့ရှိခဲ့ပေမယ့် ကန်ထဲက ရေနမူနာနဲ့ ငါးအသေတချို့ကို ဓာတ်ခွဲခန်းပို့ပြီး စစ်ဆေးကြည့်ရာမှာတော့ အဆိပ်၊ ရောဂါတခုခုကြောင့် သေဆုံးတဲ့ လက္ခဏာ မတွေ့ရဘူးလို့ သိရပါတယ်။
ငါးလုပ်ငန်းဦးစီးဌာနရဲ့ ဓာတ်ခွဲနမူနာအဖြေမှာတော့ ရေအသွင်းအထုတ် မလုပ်ပေးနိုင်တာ၊ ငါးအကောင်ရေတိုးလာလို့ ငါးကန်ကြပ်လာတာ၊ ငါးကန်အောက်ခြေမှာ စာအကြွင်းအကျန်တွေ များလာတာနဲ့ လတ်တလော ရာသီဥတု အတက်အကျရှိတာတွေကြောင့် အောက်စီဂျင်ပျော်ဝင်မှုနှုန်းကျပြီး သေဆုံးရတယ်လို့ ယူဆကြောင်း ရေးသားထားပါတယ်။
နှစ်ဧကခန့် ကျယ်ဝန်းတဲ့ အဲဒီ ငါးမွေးကန်မှာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ကတည်းက ရွှေငါးကြင်းတွေ စမွေးခဲ့တာဖြစ်ပြီး အရင်နှစ် အခုကာလကလည်း ငါးအကောင်ရေ ၃၀၀ ကျော် သေဆုံးခဲ့သေးတယ်လို့လည်း သိရပါတယ်။
Era’sEye/photo CJ