မကွေးတိုင်း ဆိပ်ဖြူမြို့နယ်မြောက်ပိုင်း ယောချောင်းအနီးတစ်ဝိုက်က ရွာတွေကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၂၄ ရက် မနက်ပိုင်းမှာ စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံ ငါးထောင်ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်း ရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာ စစ်ကြောင်းဝင်နေတာကြောင့် တက်မ၊ အနောက်ကဖြူ၊ ဘဲကျ၊ ကျဘေ၊ ကျကွဲ၊ ကျောက်ကြီး၊ ညောင်ဂွေး၀ စတဲ့ရွာတွေက ဒေသခံတွေ တိမ်းရှောင်နေရတာပါ။
စစ်ကောင်စီတပ်စစ်ကြောင်းဟာ အင်အား (၁၀၀)ခန့်ပါဝင်လာတာဖြစ်ပြီး မနက်အစောပိုင်းမှာ တက်မရွာကို ဝင်ရောက်စီးနင်းပြီး ပြန်ထွက်သွားတဲ့နောက် ကျဘေရွာက အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ဦးကိုလည်း ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။
တက်မရွာအနီးက ဒေသကာကွယ်ရေးအဖွဲ့ ကင်းစခန်းတစ်ခုနဲ့ ဆိုင်ကယ်တွေကိုလည်း အဲဒီ စစ်အုပ်စုက မီးရှို့သွားတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် တွေက ပြောကြပါတယ်။
ဆိပ်ဖြူမြို့နယ်ထဲမှာ စစ်ကြောင်း နှစ်ကြောင်းဝင်နေပြီး ဆိပ်ဖြူမြို့နယ် ပုသိမ်-မုံရွာလမ်း အနောက်ဘက်က သာယာကုန်း၊ သက္ကယ်ကျင်း၊ ထွန်၊ ကျစ်ပြင် စတဲ့ရွာတွေဟာလည်း ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကတည်းက ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
Photo: WeLove Seik Phyu Group
REF : RFA