မြဝတီ၊ ကော့ကရိတ်၊ ကျုံဒိုးနဲ့ သင်္ကန်းညီနောင် နယ်တွေမှာ ကရင့်ပူးပေါင်းတပ်တွေက တစ်ပြိုင်တည်း တိုက်ခိုက်နေတာကြောင့် စစ်ကောင်စီတပ်အနေနဲ့ လူအင်အားရော လက်နက်ခဲယမ်းတွေပါ အထိနာ ဆုံးရှုံးနေတယ်လို့ NUG ကာကွယ်ရေးဌာနက သတင်းထုတ်ပြန်ပါတယ်။
မတ်လ ၂၄ ရက်နေ့ ညပိုင်းကစလို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ကျုံဒိုးမြို့ ရဲစခန်းကို ဒီနေ့ (မတ်လ ၂၅ ) ရက်နေ့ မနက်ပိုင်းထိ တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ခန့် အရှင်ဖမ်းမိသလို သေနတ် ၁၀ လက်ခန့် ရရှိခဲ့ကြောင်း၊ ရဲစခန်းကိုတော့ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ပါတယ်။
မြဝတီကုန်သွယ်ရေးဇုန်အနီးက ခလရ ၂၇၅ တပ်စခန်းကို KNLA တပ်ဖွဲ့က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ညမထွက်ရအမိန့်ကို ချက်ချင်းထုတ်ပြန်ခဲ့ပါတယ်။
ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်ကနေ မြဝတီမြို့နယ်အတွင်း စစ်ရေး၊ လုံခြုံရေးအခြေအနေတွေ ရှုပ်ထွေးနေ တာကြောင့် ပြည်သူလူထုအနေနဲ့ ဒီနေ့ မတ်လ ၂၅ ရက်နေ့ကနေ စတင်ပြီး ယင်းနယ်တစ်ဝိုက်ကို ဖြတ်သန်း သွားလာခြင်း လုံးဝ ( လုံးဝ) မပြုလုပ်ကြဖို့ နဂါးဖြူစစ်ကြောင်းက အရေးပေါ် ကြေညာချက် ထုတ်ပြန် ထားပါတယ်။