KNU တပ်မဟာ (၆) နယ်မြေထဲကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ (၂) ဦးနဲ့ အိမ်မွေးတိရိစ္ဆာန်တွေ ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ KNU ဗဟိုက မေလ (၂၆) ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
စစ်ကောင်စီတပ်လက်အောက်ခံ ခလရ (၉၇) အမြောက်တပ်ဟာ မေလ ၂၅ ရက်က နေ့လည် (၁) နာရီကနေ ညနေ (၅) နာရီအထိ KNU ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင် တပ်မဟာ (၆)၊ ကော့ကရိတ်မြို့နယ်ထဲရှိ ကမိုင်ကုန်းကျေးရွာအတွင်းကို ၁၂၀ မမ လက်နက်ကြီးနဲ့ အကြိမ်ရေ (၄၀) ခန့် ရည်ရွယ် ချက်ရှိရှိပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
စစ်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ ကမိုင်ကုန်းကျေးရွာနေ နှစ်ဦးကို လက်နက်ကြီးစထိမှန် ဒဏ်ရာ ရရှိခဲ့ပါတယ်။
ဒါ့အပြင် ကော့ကရိတ်မြို့နယ် ရွာတန်းရှည်ကျေးရွာက ပြည်သူ (၂) ဦး၊ နွား (၂) ကောင်မှာလည်း ကျည်စ ထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်က ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့အပြင် လေယာဥ်တွေနဲ့ပါ ဗုံးကြဲတိုက်ခိုက်တဲ့ ကောက်ကျစ်ယုတ်မာတဲ့ အဖျက်အမှောင့်လုပ်ရပ်တွေကြောင့် အပြစ်မဲ့ ပြည်သူလူထုတွေ ထိခိုက်ဒဏ်ရာ ရရှိခဲ့ရတယ်လို့ KNU ဗဟိုက အသိပေးဖော်ပြထားပါတယ်။
Era’sEye | ဓာတ်ပုံ− စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်စ ထိမှန် ဒဏ်ရာရရှိခဲ့တဲ့ ပြည်သူနှစ်ဦးနဲ့ ပြည်သူပိုင် နွားနှစ်ကောင်။
စာတည်း။ Grace