၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၇) ရက်၊ ခေတ်မျက်လုံး။
နွေဦးတော်လှန်ရေးဟာ ပြည်သူသည်သာ အခြေခံပြီး ဦးဆောင်လမ်းညွှန်သူဖြစ်တာကြောင့် တော်လှန်ရေးအတွက် လိုအပ်တဲ့ လမ်းညွှန်မှုတွေနဲ့ ဝေဖန်ဆုံးမမှုတွေ ပြုလုပ်ပေးဖို့ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) ဒီကနေ့မှာ ထုတ်ပြန်တောင်းဆိုထားချက်အရ သိရပါတယ်။
“ နွေဦးတော်လှန်ရေးရက် (၁၀၀၀) ပြည့် ပြည်သူလူထုသို့ ဦးညွှတ်ဂါရဝပြုခြင်းနှင့် တော်လှန်ရေးအင်အားစုများသို့ တိုက်တွန်းနှိုးဆော်ချက်” ကို GSCB က ထုတ်ပြန်ထားကာ ပြည်သူတွေရဲ့ ကျေးဇူးတရားနဲ့ မြင့်မြတ်တဲ့ စွန့်လွှတ်စွန့်စားစိတ်ဓါတ်တွေကို ဦးညွှတ်ဂါရဝပြုကြောင်း ပြောဆိုထားပါတယ်။
ရက် (၁၀၀၀) ပြည့်ချိန် နွေဦးတော်လှန်ရေးကာလတလျှောက် ပြည်သူနဲ့ တော်လှန်ရေးအပေါ် မျက်နှာမမူမိတဲ့အခြေအနေတွေ၊ စီမံခန့်ခွဲမှုအလွဲတွေ၊ မထိရောက်တဲ့ တိုက်ပွဲဖော်ဆောင်မှုပုံသဏ္ဍာန်တွေနဲ့ ယုံကြည်မှုကျဆင်းစေတဲ့ လုပ်ရပ်တွေကို ကျူးလွန်မိပါက တော်လှန်ရေးသမားတွေက ဝန်ချတောင်းပန်သင့်ကြောင်း တိုက်တွန်းထားပါတယ်။
တော်လှန်ရေးရက်(၁၀၀၀)ပြည့်တဲ့အထိ စစ်အုပ်စုရဲ့ အကြမ်းဖက်ဖိနှိပ်တာတွေ၊ လူ့အခွင့်အရေးချိုးဖောက်တာတွေ၊ အစုအပြုံလိုက်လူသတ်တာနဲ့ လူမျိုးတုန်းသတ်ဖြတ်တာတွေရဲ့ ဖိအားဒဏ်ကို ကြံ့ကြံ့ခံ တော်လှန်နေတာက ပြည်သူရဲ့ စုပေါင်းရုန်ကန်မှု၊ စုပေါင်းဆန့်ကျင်မှုနဲ့ စုပေါင်းခံနိုင်မှုကြောင့်ဖြစ်တယ်လို့ GSCB က ပြောဆိုထားပါတယ်။
အများစုသောပြည်သူတွေရဲ့ စားဝတ်နေထိုင်ရေးဟာ လွန်စွာခက်ခဲကြပ်တည်းလျက်ရှိတဲ့အပြင် စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေနဲ့ ရင်ဆိုင်နေကြရတာကြောင့် ပိုအဆင်ပြေသူများက ပိုမိုခက်ခဲကြပ်တည်းသူတွေကို မျှဝေထောက်ပံ့ကူညီတာနဲ့ အားပေးတာတွေကို ကြိုးစားဆောင်ရွက်ပေးဖို့ တောင်းပန်ဖော်ပြထားပါတယ်။
လိုအပ်နေသူကို မျှဝေကူညီတာက မြင့်မြတ်တဲ့လုပ်ဆောင်ခြင်းဖြစ်တဲ့အပြင် တော်လှန်ရေးရဲ့ အောင်မြင်မှုကို အထောက်အပံ့ပြုတာလည်းဖြစ်တာကြောင့် မျှဝေကူညီတဲ့နည်းလမ်းကို ရွေးချယ်ပြီး နွေဦးတော်လှန်ရေးမှာ တဖက်တလမ်းက ပါဝင်နိုင်ဖို့ တော်လှန်ရေး ရက် (၁၀၀၀) ပြည့်တဲ့အချိန်မှာ တိုက်တွန်းနှိုးဆော်ထားတာလည်းဖြစ်ပါတယ်။