နို၀င်ဘာလ (၂၅)ရက်။
ဒီကနေ့ နံနက်ပိုင်းက ရန်ကုန်မြို့မှာ လုံခြုံရေးတင်းကျပ်ထားတဲ့ကြားက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး သပိတ်အင်အားစုတွေ စုပေါင်းကာ လူထုသပိတ်တိုက်ပွဲ ပြုလုပ်ခဲ့တယ်လို့ တကသများ-ရန်ကုန်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
“ လူထုကြီးရဲ့ ရွပ်ရွပ်ချွံချွံတော်လှန်မှုကြောင့် ဒီကနေ့မှာတော့ အာဏာလောဘတက်ပြီး လူထုကို ဖိနှိပ်နေတဲ့ မင်းအောင်လှိုင် စစ်အုပ်စုဟာ မရှုမလှ အရေးနိမ့်နေပါပြီ၊ပြိုကျနေပါပြီ။ ပျက်စီးနေပါပြီ” လို့ သပိတ်တိုက်ပွဲမှာ ပါ၀င်သူ ကိုနန်းလင်းက ဟောပြောခဲ့ပါတယ်။
လူထုသပိတ်တိုက်ပွဲမှာ တိုင်းပြည်ကို တကယ်ချစ်ပါက တပ်မတော်ကို ကယ်တင်ချင်ပါက ကိုယ်ကျိုးရှာ စစ်ဗိုလ်ချုပ်တွေလက်အောက်ကနေ အမြန်ဆုံးရုန်းထွက်ပြီး ပြည်သူတွေနဲ့အတူ ပူးပေါင်းပြီး ပြည်သူ့ရင်ခွင်ခို၀င်ကြဖို့ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
“ ပြည်သူတွေနဲ့အတူပူးပေါင်းပါ၊ ပြည်သူနဲ့အတူ ရပ်တည်ပါ၊ ပြည်သူ့ရင်ခွင် ခိုဝင်ကြပါ၊ ဒီနည်းလမ်းနဲ့သာ ခင်ဗျားတို့လည်း အသက်ရှင်မယ်၊ လူထုလည်း စိတ်ချမ်းသာမယ်၊ တိုင်းပြည်နဲ့ တပ်မတော်ကိုလဲ ပြန်တည်ဆောက်နိုင်ပါလိမ့်မယ်” လို့ အထက်ပါပုဂ္ဂိုလ်က ထပ်မံဟောပြောခဲ့ပါတယ်။
လူထုသပိတ်တိုက်ပွဲမှာ ပြည်သူလူထုတွေက လက်ခုပ်တီးတာ၊ လက်သုံးချောင်းထောင်တာ၊ ကြွေးကြော်သံတွေ သံပြိုင်ကြွေးကြော်ရင်း အတက်ကြွဆုံးပါဝင်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
သပိတ်အပြီးအနည်းငယ်အကြာမှာတော့ ဈေးထဲ စစ်ကောင်စီတပ်သားတွေ ဝင်ရောက်လာခဲ့ကြပြီး ပြည်သူတွေကို စစ်ဆေးဖမ်းဆီးနေတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။