ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်က ဝိုင်းကျွန်းရွာထဲ စက်တင်ဘာလ (၂၆) ရက်နေ့က စစ်ကောင်စီတပ်တွေရဲ့ လက်နက်ကြီးပစ်ခတ်တာကြောင့် နေအိမ် (၄) လုံး ပျက်စီးခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ဝိုင်းကျွန်းရွာထဲကို စစ်ကောင်စီတပ်တွေဖြစ်တဲ့ ခမရ (၃၅၀)၊ ခမရ (၅၇)နဲ့ ခမရ (၂၀၈) တို့က ၁၂၀မမ လက်နက်ကြီး (၁၉) လုံးနဲ့ နံနက် (၆) နာရီလောက်ကစပြီး နေ့လယ် (၁) နာရီလောက်အထိ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တွေရဲ့ လက်နက်ကြီးပစ်ခတ်တာတွေကြောင့် ရွာထဲက ဦးစန်းညွှန့်၊ ဦးမြစိုး၊ ဦးရဲမောင်နဲ့ ဦးမြင့်နိုင်တို့ရဲ့ နေအိမ် (၄)လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ KNU က ပြောပါတယ်။
ဒါ့ပြင် လက်နက်ကြီးတွေကြောင့် ဦးစန်းညွှန့်ရဲ့ နွားတင်းကုတ် (၁) လုံးလည်း ပျက်စီးခဲ့သလို နွား (၃) ကောင် သေဆုံးခဲ့တဲ့အပြင် နွား (၂) ကောင်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်တွေက ပြည်သူတွေကို ပစ်မှတ်ထားပြီး လက်နက်ကြီးတိုက်ခိုက်တာတွေကို နေ့စဉ် ပြုလုပ်နေတာကြောင့် အပြစ်မဲ့ပြည်သူတွေပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာအသက်အိုးအိမ်တွေ ပျက်စီးရပြီး စိုးရိမ်ထိတ်လန့်စွာနဲ့ နေထိုင်နေရတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။