တောင်ပိုင်းစစ်ဒေသဖြစ်တဲ့ မွန်ပြည်နယ်မှာ နယ်ထိန်းနဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်းအပါအဝင် အနီးကပ် တိုက်ခိုက်ခဲ့တယ်လို့ မွန်အထူးစစ်ဆင်ရေးတပ်ဖွဲ့ (MSOF) ရဲ့ စက်တင်ဘာလ (၂၇ )ရက်မှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
ဩဂုတ်လ (၁၂) ရက်နေ့က မွန်ပြည်နယ်၊ ဇင်းကျိုက်နယ်မြေရဲစခန်းက နယ်ထိန်း ထွန်းနိုင်လင်းကို အနီးကပ်တိုက်ခိုက်ခဲ့ကာ နေရာမှာဘဲ ပွဲချင်းပြီးသေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။
ဩဂုတ်လ (၂၇)ရက်နေ့မှာ ပေါင်မြို့နယ်ရှိ မြို့နယ်အုပ်ချုပ်ရေးရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို အဝေးထိန်းဒရုန်းနဲ့ ဗုံးသီး(၇)လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ဗိုလ်မှူးကျော်နိုင်ဦးအပါအဝင် ၅ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကာ နှစ်ဦး ဆေးရုံမှာ သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဩဂုတ်လ (၂၈)ရက်ကလည်း ပေါင်မြို့နယ်၊ သဗြူချောင်းရွာက စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်ပျူစောထီးခေါင်းဆောင် အောင်ငွေထွန်း(ခ)မောင်တူးကို ပျောက်ကျားပုံစံနဲ့ အလစ်အငိုက်တိုက်ခိုက်ခဲ့ရာ သေဆုံးအတိအကျကိုတော့ မသိရဘူးလို့ MSOF က ပြောပါတယ်။
စက်တင်ဘာလ (၃)ရက်နေ့က ပေါင်မြို့နယ်ရဲစခန်းက နယ်ထိန်းကိုကိုလွင်ကို အနီးကပ်ဝင်ရောက်တိုက်ခိုက်ရှင်းလင်းခဲ့ပြီး ၎င်းထံက လက်ပစ်ဗုံးတစ်လုံးနဲ့ ဓါးတစ်ချောင်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီစစ်ဆင်ရေးတွေကို KNU တပ်မဟာ(၁)၊ တပ်ရင်း (၂) က ရဲဘော်တွေ၊ မွန်အထူးစစ်ဆင်ရေးတပ်ဖွဲ့ (MSOF) နဲ့ ပကဖအဖွဲ့တွေ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ ရေးသားထားပါတယ်။
အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) အနေနဲ့ တောင်ပိုင်းစစ်ဒေသတွင်း စစ်ရေးပစ်မှတ်တွေကို ခုခံစစ်၊ ပျောက်ကျားစစ်၊ တိုက်စစ် စသဖြင့် စစ်နည်းဗျူဟာမျိုးစုံနဲ့ ကျေးလက်စစ်ဆင်ရေး၊ မြို့တွင်းစစ်ဆင်ရေးတာဝန်တွေကို စစ်ရေးအရှိန်မြှင့်ကာ ဆောင်ရွက်နေတယ်လို့ ပြောဆိုထားချက်အရ သိရပါတယ်။